October 18, 2024

အာဆီယံ၌ မြန်မာက တစ်ဦးချင်းဝင်ငွေ အနည်းဆုံးရရှိသောနိုင်ငံအဖြစ် သတ်မှတ်ခံထားရ

၆. ၇. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများအနက် အလယ် အလတ်အဆင့် ဝင်ငွေအနည်းဆုံးရရှိသောနိုင်ငံများ  (Low- Middle income Countries) စာရင်းတွင် ဆက်လက်ပါဝင်လျက်ရှိနေကြောင်း ကမ္ဘာ့ဘဏ်၏ နောက်ဆုံးထုတ်ပြန်ချက်များအရ သိရသည်။

နှစ်စဉ်ဇူလိုင်လတိုင်း ထုတ်ပြန်လျက်ရှိသော ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ကမ္ဘာတဝှမ်းရှိနိုင်ငံများ၏ Gross National Income (GNI) တစ်ဦးချင်းဝင်ငွေရရှိမှုကို အခြေခံပြီး တွက်ချက်ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်၏တွက်ချက်မှုများတွင် တစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁၃၅ ဒေါ်လာနှင့်အောက်ရရှိသော နိုင်ငံများကို ဝင်ငွေအနည်းဆုံးရရှိသောနိုင်ငံအဖြစ်သတ်မှတ်သလို တစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁၃၆ ဒေါ်လာမှ ၄၄၆၅ ဒေါ်လာကြားရရှိသောနိုင်ငံများကို အလယ်အလတ်အဆင့် ဝင်ငွေအနည်းဆုံးရရှိသောနိုင်ငံအဖြစ် သတ်မှတ်ဖော်ပြထားသည်။

ထို့အပြင် ကမ္ဘာ့ဘဏ်သည် တစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၄၄၆၆ ဒေါ်လာမှ ၁၃၈၄၅ ဒေါ်လာကြားရရှိသောနိုင်ငံများကို Upper-Middle Income ဝင်ငွေရရှိသောနိုင်ငံအဖြစ်သတ်မှတ်ခဲ့သလို တစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁၃၈၄၅ ဒေါ်လာနှင့်အထက် ရရှိသော နိုင်ငံများကို ဝင်ငွေအမြင့်ဆုံးရသောနိုင်ငံအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တစ်ဦးချင်းဝင်ငွေရရှိမှုသည် အမေရိကန်ဒေါ်လာ ၁၂၁၀ ဒေါ်လာဟု သတ်မှတ်ဖော်ပြထားရာ အလယ်အလတ်အဆင့် ဝင်ငွေအနည်းဆုံးရရှိသော နိုင်ငံများအုပ်စုတွင် ပါဝင်လျက်ရှိနေကြောင်း သိရသည်။

အာဆီယံဒေသတွင်းနိုင်ငံများအနက် မြန်မာနိုင်ငံ၏ တစ်ဦးချင်းဝင်ငွေသည် အမေရိကန်ဒေါ်လာ ၁၂၁၀၊ ဖိလစ်ပိုင်နိုင်ငံ၏တစ်ဦးချင်းဝင်ငွေက အမေရိကန်ဒေါ်လာ ၃၉၅၀၊ ဗီယက်နမ်နိုင်ငံ၏တစ်ဦးချင်းဝင်ငွေအမေရိကန်ဒေါ်လာ ၄၀၁၀၊ လာအိုနိုင်ငံ၏တစ်ဦးချင်းဝင်ငွေက အမေရိကန်ဒေါ်လာ ၂၃၆၀၊ ကမ္ဘောဒီးယားနိုင်ငံ၏တစ်ဦးချင်းဝင်ငွေက အမေရိကန်ဒေါ်လာ ၁၇၀၀ ဟု ကမ္ဘာ့ဘဏ်က သတ်မှတ်ဖော်ပြထားရာ အဆိုပါနိုင်ငံအားလုံးသည် အလယ်အလတ်အဆင့် ဝင်ငွေအနည်းဆုံးရရှိသောနိုင်ငံများ (Low-Middle income Countries)စာရင်းတွင် ပါဝင်နေသည်။

ထို့အပြင် မလေးရှားနိုင်ငံ၏တစ်ဦးချင်းဝင်ငွေက အမေရိကန်ဒေါ်လာ ၁၁၇၈၀၊ ထိုင်းနိုင်ငံ၏တစ်ဦးချင်းဝင်ငွေက အမေရိကန်ဒေါ်လာ ၇၂၃၀၊ အင်ဒိုနီးရှားနိုင်ငံ၏တစ်ဦးချင်းဝင်ငွေက အမေရိကန်ဒေါ်လာ ၄၅၈၀ ဟု သတ်မှတ်ထားပြီး အဆိုပါသုံးနိုင်ငံသည် Upper-Middle Income ဝင်ငွေရရှိသောနိုင်ငံများစာရင်းတွင် ပါဝင်နေကြောင်းသိရသည်။

အာဆီယံဒေသတွင်းနိုင်ငံများအနက် ဘရူးနိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သည် တစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁၃၈၄၅ နှင့်အထက်ရရှိသောနိုင်ငံများကို သတ်မှတ်သည့် ဝင်ငွေအများဆုံး ရရှိသော နိုင်ငံများထဲတွင်ပါဝင်လျက်ရှိနေကြောင်း ကမ္ဘာ့ဘဏ်၏ဖော်ပြချက်များအရ သိရသည်။

ထို့အတွက် မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်း နိုင်ငံပေါင်း ၁၀ နိုင်ငံအနက် တစ်ဦးချင်းဝင်ငွေ အနည်းဆုံးရရှိသောနိုင်ငံအဖြစ် သတ်မှတ်ခံထားရကြောင်း သိရသည်။

Ref-world bank

Leave a Reply

Your email address will not be published. Required fields are marked *