October 18, 2024

၆. ၇. ၂၀၂၃
Written by Naing Thuta

အမရပူရမြို့နယ်ရှိ တောင်သမန်အင်းထဲတွင် မှောက်လျှက်သေဆုံးနေသော အမည်မသိအမျိုးသားတစ်ဦး၏ အလောင်း ယနေ့မွန်းလွဲပိုင်းက တွေ့ရှိခဲ့ကြောင်း ဒေသခံများပြောပြချက်အရ ကနဦး သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇူလိုင်လ ၆ ရက်နေ့)မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာအုပ်စု၊ တောင်သမန်ကျေးရွာ၊ တောင်သမန်အင်းထဲရှိ ဦးပိန်တံတား၏အလယ်ဇရပ်မှ အရှေ့ဘက် ကိုက် ၁၀၀ ခန့် ရေထဲတွင် အမည်မသိအသက် ၅၀ အရွယ်ရှိသော အမျိုးသားတစ်ဦး မှောက်လျှက်သေဆုံးနေသည်ကို ဦးပိန်တံတား အလည်အပတ်လာသည့် ခရီးသွားပြည်သူတစ်ဦးမှ စတင်တွေ့ရှိရာ တောင်သမန်အုပ်ချုပ်ရေးမှူးရုံးထံ အကြောင်းကြားခဲ့သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ ရောက်ရှိလာပြီး ဦးပိန်တံတားအရှေဘက်ဆိပ်ကမ်းသို့ အလောင်းအား ကူးတို့လှေဖြင့်သယ်ယူခဲ့ကာ လူငယ်အားမန်လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူဆေးရုံကြီးရှိ ရင်ခွင်ရုံသို့ပို့ဆောင်ခဲ့ကြာင်း သိရသည်။

“ခရီးသွားဧည့်သည်တစ်ယောက်က တံတားပေါ်ကနေ လူသေအလောင်းရေထဲပေါ်နေတာကိုစတွေ့ပြီး တောင်သမန်အင်းအုပ်ချုပ်ရေးမှူးရုံးကို အကြောင်းကြားလို့ တာဝန်ရှိသူတွေက သွားရောက်ဆယ်ယူပြီး မန္တလေးဆေးရုံကြီးကို ပို့ထားလိုက်တယ်။ အခုထိတော့ သေတဲ့သူက ဘယ်သူဘယ်ဝါဆိုတာရယ် ဘာကြောင့်သေတယ်ဆိုတာတော့ မသိရသေးဘူး ကြားတယ်။ သေတဲ့သူက အသက် ၅၀ အရွယ်လောက်ရှိပြီး အပေါ်ပိုင်းအင်္ကျီမပါဘဲ ပုဆိုးနဲ့ရေပေါ်မှာ ဗေဒါပင်တွေကြားမှာ သေနေတာစတွေ့တာပဲ ” ဟု တံတားအနီးရှိစျေးသည်တစ်ဦးက MT News သို့ ၎င်း၏ ကြားသိချက်များကို ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *