October 18, 2024

၆.၇.၂၀၂၃
Written by Peya

နေပြည်တော်နှင့် ရန်ကုန်ရှိ ဘားနှင့် စားသောက်ဆိုင်များတွင် Unplugged တီးဝိုင်းထည့်ခြင်းကို ရပ်ဆိုင်းရန် ညွှန်ကြားထားကြောင်း MT News သတင်းဌာနက မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စာပို့ကာ စင်တင်တေးဂီတ ဖျော်ဖြေမှုများကို ပိတ်သိမ်းခိုင်းထားခြင်းဖြစ်ပြီး ဇူလိုင်လကုန်ပိုင်းတွင် ပြန်လည်ထည့်သွင်းခွင့်ပေးမည်ဟု သတင်းများထွက်ပေါ်နေခြင်းလည်း ဖြစ်သည်။

“ပိတ်ခိုင်းထားတာက မှန်ပါတယ်။ ငါးရက်လောက်တည်းက ညွှန်ကြားထားတာလို့ သိရတယ်။ စာကိုတော့ ကျွန်တော် မမြင်ရသေးဘူး။ ကျွန်တော် သိတာတော့ စင်တင်တွေကို ဖြုတ်ခိုင်းထားတာ။ ဒါပဲ ပြောနိုင်ပါတယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

နိုက်ကလပ်များကို ပိတ်ခိုင်းထားသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အဆိုပါအချက်ကိုမူ MT News အနေဖြင့် သီးသန့်အတည်ပြုနိုင်ခြင်း မရှိသေးပေ။ သို့သော် ရန်ကုန်မြို့ရှိ နိုင်ကလပ်များမှာမူ ဇူလိုင် ၅ ရက်ကတည်းက ယာယီပိတ်ထားကြောင်း လူမှုကွန်ရက်များတွင် အသိပေးထားသည်။

သို့သော် KTV များကိုပါ ပိတ်ခိုင်းသည်ဟု သတင်းထွက်ပေါ်နေသည့်ကိစ္စနှင့် ပတ်သက်၍မူ “ကျွန်တော်တို့ ဖွင့်ပါတယ်။ မဟုတ်ပါဘူး။ ဒါတော့ မကြားမိသေးဘူး” ဟု KTV တစ်ခုမှ မန်နေဂျာအဆင့်ရှိသူက ပြောသည်။

“စီမံချက်ကြောင့်လို့ပဲ ကျွန်တော်တို့ သိရပါသေးတယ်။ ကျွန်တော်လည်း မနေ့ညကမှ သိတာပါ။ ဆိုတော့ ဒီကြားထဲမှာ အခက်အခဲတွေ ရင်ဆိုင်မှာပေါ့။ ကျွန်တော်တို့ ဝင်ငွေက ဒါပဲရှိတာ” ဟု စားသောက်ဆိုင်များတွင် ဖျော်ဖြေသည့် Unplugged တီးဝိုင်းတစ်ဝိုင်းမှ ဂစ်တာသမားတစ်ဦးက ဆိုသည်။

လက်ရှိတွင် ဖျော်ဖြေလိုသူ Unplugged တီးဝိုင်းမှ အနုပညာရှင်များအနေဖြင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးသို့ အဖွဲ့ဝင်အဖြစ် လျှောက်ထားရမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

“လောလောဆယ်တော့ ဂီတအစည်းအရုံး ထောက်ခံစာယူရမယ် ဆိုတာတော့ သိထားပါတယ်။ ဂီတ အစည်းအရုံးဘက်ကတော့ တိကျသေချာတဲ့ ညွှန်ကြားချက် မထွက်သေးပါဘူး” ဟု မြန်မာနိုင်ငံ ဂီတအစည်းအရုံးဝင်တစ်ဦးက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *