October 18, 2024

၆.၇.၂၀၂၃
Written By Thandar

ပရဟိတမင်းသမီးတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ခိုင်နှင်းဝေဟာ HIV Positive ရှိတဲ့ မိခင်က မွေးဖွားလာတဲ့ အမြွှာသမီးငယ်လေးနှစ်ဦးကို ပဲခူးတိုင်းဒေသကြီး၊ ပဲနွယ်ကုန်းမြို့နယ်အထိ သွားရောက်ခေါ်ယူ မွေးစားဖြစ်ခဲ့ပါတယ်။

“ကလေးက အမြွှာလေးလည်း ဖြစ်တယ်။ မိခင်ကလည်း နို့တိုက်လို့ မရဘူးဆိုတဲ့ အခြေအနေတစ်ခုမှာ နို့မှုန့်ဖိုးလည်း မတတ်နိုင်ဘူး။ ကလေးကိုပေးချင်တယ်ဆိုပြီး ဆက်သွယ်လာလို့ အမသွားခေါ်ပေးခဲ့တာပါ။ အမကပုံမှန်ဆို ဘယ်လိုပဲဒုက္ခ ရောက်နေပါစေ မိစုံဖစုံရှိတဲ့ ကလေးတွေဆိုရင် မခေါ်ပါဘူး။ အခုက မိခင်က HIV Positive ဖြစ်နေတော့ ကလေးကို နို့တိုက်လို့ မရဘူးလေ။ ကလေးကို ဆက်ထားရင်လည်း ကလေးတွေရဲ့ရှေ့ရေးက မတွေးဝံ့စရာဘဲဆိုတော့ ကလေးကို သွားခေါ်ပေးခဲ့တာပါ”လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ပဲနွယ်ကုန်းမြို့နယ် တပင်ရွှေထီးမြောက်ခြမ်းရပ်ကွက်မှာနေထိုင်တဲ့ ကိုစန်းဝင်းနဲ့ မစနေမတို့ရဲ့ ၅ ရက် သား အမြွှာပူးကလေးကို HIV Positive ရှိနေတဲ့ မိခင်က မွေးဖွားလာတဲ့အတွက် သူမရဲ့ ကျန်းမာရေးဆိုင်ရာ လိုအပ်တာတွေကို ပြုစုစောင့်ရှောက်မှုတွေ ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ရောဂါရှိတဲ့ကလေးကို မကယ်ရဘူးဆိုတဲ့ သတ်မှတ်ချက်တော့ မရှိပါဘူး။ အစ်မတို့ကတော့ ဒုက္ခရောက်တဲ့ ကလေးတိုင်းကို ကယ်မှာပါပဲ။ ဒီကလေးတွေကိုကျတော့ အစ်မက ဂေဟာက ကလေးတွေနဲ့ ခွဲထားရမှာပေါ့။ ခွဲထားပြီးတော့မှ ကာကွယ်ဆေးလည်း ခုတိုက်ထားတယ်။ ဆေးစစ်ပြီး အဖြေမှန်ပေါ်လာတဲ့အချိန်ကျတော့မှ ရောပြီး ထားရမှာပေါ့။ အကယ် ၍ ရောဂါလက္ခဏာပေါ်လာခဲ့ရင်လည်း စင်တာတွေကို အကြောင်းကြားဆက်သွယ်ပြီး ဆေးတိုက်တာတွေ လုပ်သွားမှာပါ။ သီးသန့်ထားပြီး စောင့်ရှောက်ပေးရမှာပေါ့”လို့ သူမက ဆက်ပြောပါတယ်။

သရုပ်ဆောင် ခိုင်နှင်းဝေက အခုလပိုင်းအတွင်း အမြွှာကလေးငယ်တွေကို ခေါ်ယူမွေးစားဖြစ်ခဲ့တာဆိုရင် တတိယမြောက်အကြိမ်လည်း ရှိပါပြီ။ မကြာသေးမီ ကာလကလည်း ရှမ်းပြည်နယ် တောင်ကြီးမြို့က မိခင်ကွယ်လွန်ပြီး ဆက်လက် မကျွေး မွေးနိုင်တော့တဲ့ အမြွှာသားငယ်နှစ်ဦးကိုလည်း ခေါ်ယူမွေးစားခဲ့ပြီးဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာ “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ”ကို တည်ထောင်ထားသူဖြစ်ပြီး မိဘမဲ့ကလေးတွေနဲ့ စွန့်ပစ်ခံရတဲ့ ကလေးငယ်တွေကို ဂေဟာမှာ ပြုစုစောင့်ရှောက်ပေးလျက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *