October 18, 2024

၆.၇.၂၀၂၃
Written by Peya

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)၌ အာဇာနည်နေ့အထိမ်းအမှတ် အထူးပြပွဲ ခင်းကျင်းပြသမည်ဖြစ်ပြီး တစ်နှစ်နှင့် တစ်နှစ် ခင်းကျင်းပြသသည့်ပုံစံကို ကွဲပြားစေရန် ဆောင်ရွက်ထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

ထိုသို့ ခင်းကျင်းပြသနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်နေသောကြောင့် လက်ရှိတွင် ပြတိုက်ကို ခေတ္တပိတ်ထားကာ အာဇာနည်နေ့မှသာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက် (နတ်မောက်) တို့ကို အခမဲ့ ဝင်ရောက်လေ့လာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

“မနှစ်ကလည်း ရှေ့အရင်နှစ်တွေနဲ့ မတူအောင် ခင်းကျင်းပြသတာတွေရှိတာပေါ့။ ပြတိုက်ထိန်းသိမ်းမှု အတတ်ပညာရှိတဲ့ ကျွန်တော်တို့ဆီက ဝန်ထမ်းတွေက ဆောင်ရွက်နေပါတယ်။ ငယ်ဘဝကနေပြီးတော့မှ နောက်ဆုံးအချိန်အထိ တာဝန်ထမ်းဆောင်နေတဲ့ မှတ်တမ်းဓာတ်ပုံတွေကို ပြသသွားမယ့် ပြကွက်လည်းပါတာပေါ့နော်။ ခင်းကျင်းမှု အနေအထားတွေ အကုန် လုံးအတွက်ကို ပြင်ဆင်နေကြပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ယမန်နှစ် အာဇာနည်နေ့တွင် လာရောက်သူများအနေဖြင့် ယခုနှစ် မြင်ကွင်းမှာလည်း ကွဲလွဲမည်မှာ သေချာကြောင်းလည်း ၎င်းက ဆိုသည်။

“မိသားစုအိပ်ခန်း၊ ထမင်းစားခန်း ဒီလိုမျိုး ပြောင်းလဲလို မရတာတွေကတော့ ဒီအတိုင်း ပြခန်းက ရွေ့လျားပြလို့ မရဘူး။ မှတ်တမ်းဓာတ်ပုံတွေကိုတော့ စုံနိုင်သမျှ စုံအောင် ခင်းကျင်းပြသွားမယ်” ဟု တာဝန်ရှိသူက ဆိုသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *