October 18, 2024

၆.၇.၂၀၂၃
Written By Thandar

တစ်ခေတ်တစ်ခါက ပရိသတ်ရင်ကို ဖမ်းစားခဲ့တဲ့ ဂန္ထဝင်တေးသံရှင် စိမ်းမို့မို့အတွက် “စိမ်းမို့မို့ အမှတ်တရတေးများ” တေးဂီတဖျော်ဖြေပွဲကို ဇူလိုင် ၇ ရက် ည ၉ နာရီမှာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက တိုက်ရိုက် (LIVE) ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

“မမက မစိမ်းမို့မို့ကို အရမ်းကြိုက်တာလေ Crazy ပဲ။ ဟိုးအရင်တုန်းထဲက ကြိုက်တာလေ။ သူက သီချင်းတွေကို မြန်မာသံရော၊ စတူဒီယိုရော၊ မိုနို၊ ခေတ်ပေါ်သံစဥ် အစုံဆိုတာလေ။ အမလည်း အဲလိုဆိုတဲ့သူမျိုးဆိုတော့လေ။ မမက မရှိတော့မှ တမ်းတတာမဟုတ်ဘူး။ ဟိုးငယ်ငယ်ထဲက အရမ်းကြိုက်ခဲ့တာ။ အရင် တီဗွီတွေ မရှိတဲ့အချိန်က သူများအိမ်တွေမှာ သွားကြည့်ရတဲ့ အချိန်ထဲက ကြိုက်တာ။ မြန်မာသံထုတ်လွှင့်ချိန် သီချင်းလာချိန် စောင့်ကြည့်ရတယ်။ ခုလို ဆုံးရှုံးသွားတာလည်း နှမြောမိတယ်။ မစိမ်းမို့မို့အသံတွေ ဆက်ကြားချင်မိသေးတယ်။ ရှိစေချင်သေးတာပေါ့။ စိမ့်နေခြည်တို့ ဒီပွဲမှာဆိုပေးပါဆိုတော့ အတိုင်းမသိဝမ်းသာရတာပေါ့။ ကိုယ်ကြိုက်တဲ့ ကိုယ့် Idol အမှတ်တရပွဲ ဖျော်ဖြေခွင့်ရလို့ အတိုင်းမသိပါဘဲ။ အရင်တုန်းက အဆိုတော်ကြီးတွေရဲ့ သီချင်းတွေက ဘယ်တော့ပျောက်မသွား စာသားတွေက နှလုံးသားထဲမှာ စွဲကျန်နေလို့ မရှိတော့အချိန်မှာ ခံစားရတယ်”လို့ တေးသံရှင် စိမ့်နေခြည်က MT News ကို ပြောပါတယ်။

ဒီဖျော်ဖြေပွဲမှာတော့ နာမည်ကြီး တေးသံရှင်တွေဖြစ်တဲ့ စိမ့်နေခြည်၊ သဥ္ဇာမြင့်မိုရ်၊ ခိုင်သဇင်ဦး၊ ရွှေဖြူ၊ ချိုမီမီဇော်၊ အိအိလှိုင်၊ ချစ်စုစံ၊ ဖူးဧကရီဆောင်း၊ ပပအောင်နဲ့ မြတ်ဆုချယ်တို့ ပါဝင်သီဆိုဖျော်ဖြေကြမှာဖြစ်ပါတယ်။ မြန်မာ့အသံတေးဂီတအဖွဲ့ရဲ့ တီးခတ်မှုနဲ့အတူ FRIDAY NIGHT LIVE SHOW အဖြစ် ဇူလိုင် ၇ ရက် ည ၉ နာရီမှာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက တိုက်ရိုက်(LIVE) ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

“မျက်ဝန်းစကား” တေးသီချင်းကို မစိမ့်နေခြည်က သီဆိုမှာဖြစ်ပြီး တူမဖြစ်သူ တေးသံရှင် ချစ်စုစံက “ကိုကိုမူပိုင်” တေးသီချင်း တစ်ပုဒ်ဆီ ပါဝင်သီဆိုကြမှာဖြစ်ပါတယ်။

“ဂန္ထဝင်အဆိုတော်ကြီးဖြစ်တဲ့ အန်တီစိမ်းမို့မို့ရဲ့ သီချင်းကို ပြန်သီဆိုခွင့်ရလို့ အရမ်းလည်း ပျော်ပါတယ်။ ကိုယ်ပိုင်သံစဥ်ဆိုတာနဲ့ ပြန်ဆိုတေးဆိုရတာ တေးသီချင်းဆိုရတဲ့ အရသာကတော့ အတူတူပါပဲ။ အန်တီမို့ရဲ့ သီချင်းတွေပြန်ဆိုရတော့ တာဝန်လည်း ကြီးတယ်။ အမှားပါမှာလည်း စိုရိမ်တယ်။ မူရင်းကို မမီပေမယ့် အကောင်းဆုံး ကြိုးစားသီဆိုပါမယ်။ အန်တီမို့ရဲ့ အနု ပညာသီချင်းတွေကို လက်ဆင့်ကမ်းသီဆိုခွင့်ရလို့လည်း အများကြီး ဂုဏ်ယူပါတယ်”လို့ တေးသံရှင် ချစ်စုစံက MT News ကို ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *