October 18, 2024

ပြန်လည်ပြင်ဆင်ပြီးဖြစ်သည့် ပုဏ္ဏားကျွန်း - ရသေ့တောင် ဓာတ်အားလိုင်း မြင်ကွင်း

၆.၇.၂၀၂၃
Written by Peya

မိုခါဘေးဒဏ်ခံခဲ့ရသည့် ဓာတ်အားပေးရေးသက်ဆိုင်ပစ္စည်းများ ပျက်စီးခဲ့ရသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့ ၁၀ မြို့အနက် ၈ မြို့ကို လျှပ်စစ်မီးပေးနိုင်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် စစ်တွေမြို့၊ ကျောက်တော်မြို့၊ မြောက်ဦးမြို့၊ ပုဏ္ဏားကျွန်းမြို့၊ မင်းပြားမြို့နှင့် မြေပုံမြို့တို့က မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့သို့ ပြီးခဲ့သည့်လအတွင်းတွင် လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

“ပုဏ္ဏားကျွန်း – ရသေ့တောင် ဓာတ်အားလိုင်းနဲ့ မင်းပြား – ပေါက်တော ဓာတ်အားလိုင်းကို ပြုပြင်တာလည်း ပြီးပြီဖြစ်လို့ ပေါက်တောနဲ့ ရသေ့တောင်ကို မီးပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အခုဆိုရင် ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့ပေါင်း ၈ မြို့မှာ မီးပေးနိုင်ပါပြီ” ဟု အထက်ပါနီးစပ်သူက MT News သတင်းဌာနသို့ ပြောသည်။

အထက်ပါ မြို့နှစ်မြို့သို့ ဇူလိုင်လ ၅ ရက် နေ့လည်ပိုင်းက စတင်ကာ မီးပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ရသေ့တောင်မြို့ပေါ် ရပ်ကွက် ၄ ရပ်ကွက်နှင့် ကျေးရွာ ၁ ရွာ၊ ပေါက်တောမြို့ပေါ် ငါးရပ်ကွက်ကို စတင်ကာ မီးပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

“ကျန်တဲ့မြို့နယ်တွေကိုလည်း လျှပ်စစ်မီး ပြန်ပေးနိုင်အောင်လုပ်ဖို့အတွက် အမြန်ဆုံးပြင်ဆင်နေကြပါတယ်” ဟု အထက်ပါ နီးစပ်သူက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *