October 18, 2024

၆.၇.၂၀၂၃
Written By Thandar

ပရဟိတဆေးကုသမှုတွေလုပ်ဆောင်နေတဲ့ မင်းသားထူးခန့်ကျော်တို့မိသားစုက အနုပညာသမားတွေကိုယ်စား လူရွှင်တော်သက်ကြီးပူဇော်ပွဲအတွက် အလှူငွေ ကျပ် ၆၅၀၀၀၀ ကို ဇူလိုင် ၅ ရက်နေ့က လှူဒါန်းခဲ့ပါတယ်။

“ကျွန်တော်တို့ မိသားစုက ပြုသမျှကုသိုလ်ကို ၃၁ ဘုံ ကျေးဇူးဆပ်တဲ့သဘောနဲ့ လှူတယ်။ ဒီလှူဒါန်းမှုကလည်း ကျွန်တော်တို့ မိသားစုတင်မဟုတ်ဘဲ အနုပညာသမားတွေအားလုံးရဲ့ကိုယ်စား လူရွှင်တော်သက်ကြီး ပူဇော်ပွဲအတွက် ပါဝင်ပြီး ငွေကျပ် ၆၅၀၀၀၀ (ခြောက်သိန်းခွဲ)ကို လှူဒါန်း ပါရမီဖြည့်ခွင့်ရခဲ့လို့ ကုသိုလ်လာရောက်ပေးကြတဲ့ လူရွှင်တော်တွေအားလုံးကို အထူးပင်ကျေးဇူးတင်ပါတယ်။ ဒီလှူဒါန်းမှုမှာလည်း ၇ ရက်သားသမီးတွေလည်း အေးချမ်းသာယာပြီး အားလုံးကျန်းမာလို့ ချမ်းသာကြပါစေ”လို့ သရုပ်ဆောင် ထူးခန့်ကျော်က ပရိသတ်တွေကို ပြောလာပါတယ်။

သူဟာ အမှန်တကယ်လိုအပ်နေတဲ့ နေရာဒေသတွေနဲ့ ရုပ်ရှင်လောကသားတွေအတွက်လည်း စဥ်ဆက်မပြတ်လှူဒါန်းမှုတွေကို လုပ်ဆောင်ပေးနေလျှက်ရှိသူလည်း ဖြစ်ပါတယ်။

အဆိုပါ လူရွှင်တော်သက်ကြီးပူဇော်ပွဲအတွက် မြန်မာပြည်အနှံ့က ပညာရှင်တွေ ခန့်မှန်းလူဦးရေ ၅၀၀ နီးပါးတက်ရောက်သွားကြမယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး(ဗဟို) ကနေ ၁၃ ကြိမ်မြောက် သက်ကြီးဟာသပညာရှင်များကို ပူဇော်ကန်တော့ပွဲ အထိမ်းအမှတ်ပွဲကို ဇူလိုင် ၇ ရက် နံနက်ပိုင်း နေပြည်တော်မှာ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

“လူရွှင်တော်အဖွဲ့နဲ့ တီတူးတို့ ဆရာထူးခန့်ကျော်ဆီ မနေ့က သွားခဲ့ကြတယ်။ ပထမတစ်ခေါက်က ကျန်းမာရေးမကောင်းတဲ့ လူနာသွားပို့ရင်းက ဆိုင်းဝိုင်းတွေနဲ့ မြောက်ဒဂုံ လူရွှင်တော်အသင်းက အလှူခံကြတာရှိတယ်။ ပထမက တစ်သိန်းခွဲလှူတယ်။ လူရွှင်တော်သက်ကြီး ကန်တော့ပွဲနီးလို့ ထပ်ပြီး ၅ သိန်း လှူဒါန်းလိုက်တာပါ။ သက်ကြီးလူရွှင်တော် လက်ရှိ အယောက် ၂၀၀ ကျော်ရှိတယ်။ ဒီကန်တော့ပွဲအတွက် အားလုံး အယောက် ၅၀၀ လောက်တက်ဖို့ ဖိတ်ထားပါတယ်”လို့ သရုပ်ဆောင်မတူးက MT News ကို ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *