October 18, 2024

MT News

Written By Thandar

သူနာပြုဆရာမလေး ဘဝကတစ်ဆင့် မိသားစု အခက်အခဲ ဖြေရှင်းရာကနေ Sexy Model လမ်းကြောင်းကို ရောက်လာတဲ့ မေမြတ်သူအောင်က ” Sexy Model တစ်ယောက်ဆိုတာနဲ့ လူတွေက အပြင်ပိုင်း အမြင်ကိုပဲကြည့်ပြီး ဆုံးဖြတ်တာများတယ် နှာခေါင်းရှုံကြသလို အထင်သေးတာခံရတယ်”လို့ ရင်ဖွင့်လာပါတယ်။

“ဖူးကအရင် သူနာပြုအလုပ် လုပ်ခဲ့တယ်။ မိသားစုအခက်အခဲကြောင့် မုန့်ဟင်းခါးရောင်းတာတို့ မုန့်တီတွေလည်း ရောင်းခဲ့တယ်။ အဖေဆုံးပြီးနောက် အခက်အခဲတွေကနေ ဓာတ်ပုံဆရာမတစ်ယောက်က ညီမလေး ခန္ဓာကိုယ်လေးက အဆင်ပြေတယ်။ ပုံတွေ ရိုက်ကြည့်ဖို့ တိုက်တွန်းရာကနေ ဒီလမ်းကြောင်းပေါ်ရောက်လာခဲ့တယ်။ ပထမပိုင်းက အရမ်းကြောက်ပေမယ့် နောက်ပိုင်းမှာ အဓိက အမေ့ကို ရှာဖွေကျွေးချင်လို့ ဒီအနုပညာအလုပ်ကို လုပ်ခဲ့တာပါ။ Sexy Model တစ်ယောက်ဆိုရင် လူတွေကအပြင်ပိုင်း အမြင်ကိုပဲ ကြည့်ပြီးဆုံးဖြတ်တာများတယ်။ နှာခေါင်းရှုံကြတာပေါ့။ အထင်သေးတာခံရတယ်။ ဖူး အခက်အခဲကတော့ လူတွေ ကဲ့ရဲ့တာတွေ ခံရတယ်။ အပေါင်းအသင်း မလုပ်ချင်တာမျိုးတွေ ကြုံရတယ်”လို့ Sexy Model မေမြတ်သူအောင်က MT News ကို ပြောပါတယ်။

သူမကတော့ Photo Shooting ပိုင်းကို အဓိကထားလုပ်ဆောင်နေလျှက်ရှိပြီး လက်ရှိ ထိုင်းနိုင်ငံမှာ Photo Shooting တွေ သွားရောက် ရိုက်ကူးတင်ဆက်နေလျှက်ရှိတယ်လို့ သိရပါတယ်။ Sexy Model အပိုင်းကိုလည်း သူမကတော့ သတ်မှတ်ထားတဲ့ အချိန်တစ်ခုသာ လုပ်ကိုင်သွားမယ်လို့လည်း ဆိုပါတယ်။ တချို့က အထင်အမြင်သေးပြီး လာပြောကြတာတွေ အများကြီးကြုံရသလို ညစ်ညမ်းတာတွေ ပြောတာတွေလည်း ခံရတယ်လို့ဆိုပါတယ်။

“ဒီလိုပုံတွေ ရိုက်တာက မိန်းမကောင်းမဟုတ်ဘူးဆိုပြီး ပြောကြတယ်။ ညီမခံယူချက်ကလည်း သူများ အိမ်ထောင်ရေးမဖြိုခွဲဘူး။ မခိုးဘူး။ မလိမ်ဘူး။ မယုတ်မာဘူး။ ကိုယ်ဘာလုပ်နေလဲဆိုတာ ကိုယ်သိရင်ရပြီလို့ပဲ တွေးလိုက်တယ်။ အစကတော့ အရမ်းဝမ်းနည်းတယ်။ တစ်ယောက်တည်း ကြိတ်ငိုတယ်။ အမေ့ကိုလည်း မပြောပြရဲဘူး။ နောက်ပိုင်းကျတော့ ဘယ်သူတွေ ဘာပြောပြော ကိုယ့်လမ်းကိုယ် ဆက်လျှောက် တယ်။ ကိုယ် ပြင်သင့်တဲ့ အရာဆိုရင် ပြင်ဆင်လိုက်တယ်။ တကယ်တော့ ဖူးစိတ်က ကြောက်တတ်တယ်။ ဝမ်းနည်းလွယ် တော့ ဒီလိုမျိုးပြောတာတွေ ကြုံရင် မခံစားနိုင်ဘူး။ စိတ်ဒဏ်ရာတွေ အများကြီးပဲ။ သိမ်ငယ်စိတ်တွေလည်း ဖြစ်တယ်။ ရည်းစားထားရင်တောင် ဖူးက တကယ်ချစ်ပြီး အတည်တွဲရင်တောင် သူတို့က မတွဲချင်ကြဘူး။ ဒီ စိတ် ဒဏ်ရာတွေလည်း အများကြီးရခဲ့တယ်”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *