၆. ၇. ၂၀၂၃
Written by Nay Moe
တောင်ငူမြို့နယ်တွင် သံတောင်အထူးဒေသငြိမ်းချမ်းရေးအဖွဲ့ဝင်နှစ်ဦးဆိုသူအား သံတောင် PDF က သ-တ်ဖြတ်ကာ ယာဥ်ကိုပါ မီးရှို့ဖျက်ဆီးလိုက်သည်ဟု People Defence Force Thandaung က ပြောသည်။
ဖြစ်စဥ်မှာ ဇူလိုင် ၄ ရက် ညနေ ၄ နာရီခန့်အချိန်တောင်ငူခရိုင် တောင်ငူမြို့နယ်၏ အရှေ့မြောက်ဘက် ၉ မိုင်ခန့်အကွာ ကျွန်းကုန်းကျေးရွာအနီး တောင်ငူမြို့-လိပ်သိုမြို့သွားကားလမ်း၏ ယာဘက်တွင် မီးလောင်ထားသည့် ယာဉ်နံပါတ်(စိစစ်ဆဲ)Mark II အဖြူရောင်ယာဉ်အား တွေ့ရှိရကြောင်းနှင့် ၎င်းနေရာ၏ ၁ မိုင်ကျော်ခန့်အကွာ ကျွန်းကုန်းကျေးရွာကြားလမ်းယာဘက်တွင် မျက်နှာအား ကြွပ်ကြွပ်အိတ်အမည်းစွပ်ထား၍ မှောက်လျက်အနေအထားဖြင့် ဒဏ်ရာ (စိစစ်ဆဲ)များရရှိကာ သေဆုံးနေသော အမျိုးသား ၂ ဦး၏အလောင်းအား တွေ့ရှိခဲ့ကြောင်း သိရသည်။
Mark II မော်တော်ယာဉ်မှာ သံတောင်ကြီးမြို့နယ် ပျားစခန်းကျေးရွာနေ ဦးခင်မောင်လွင်(စိစစ်ဆဲ) ၏ကားဖြစ်ပြီး ဦးခင်မောင်လွင်သည် အဆိုပါကားဖြင့်မောင်းနှင်ထွက်ခွာသွားကြောင်း တစ်ရွာတည်းနေ ဦးမြင့်ဇော် (၄၉)နှစ်မှ သတင်းပေးအကြောင်းကြားချက်အရ သိရှိခဲ့ရသဖြင့်ပူးပေါင်းအဖွဲ့မှ အခင်းဖြစ်အရပ်သို့သွားရောက်စစ်ဆေးခဲ့ရာ ကျွန်းကုန်းကျေးရွာအနီး တောင်ငူမြို့-လိပ်သိုမြို့သွားကားလမ်း၏ယာဘက်တွင် မီးလောင်ထားသောယာဉ်အမှတ် (စိစစ်ဆဲ)Mark II ယာဥ်အားတွေ့ရှိရပြီး ၎င်းနေရာမှ ၁ မိုင်ခွဲခန့်အကွာ ကျွန်းကုန်းကျေးရွာအနီး တောင်ငူမြို့-လိပ်သိုမြို့သွားကားလမ်း၏ယာဘက်ခြုံတောထဲတွင် တွေ့ရှိသည့် ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသား ၂ ဦး၏ ဦးခေါင်းများတွင် စွပ်ထားသော ကြွပ်ကြွပ်အိတ်များအားဖယ်ရှားကြည့်ရှု့ရာ မျက်နှာတွင် အဝတ်စများစည်းထားသည်ကိုတွေ့ရှိရသဖြင့် ထပ်မံဖယ်ရှားကြည့်ရာ ၎င်းတို့မှာ သံတောင်ကြီးမြို့နယ် ပျားစခန်းကျေးရွာနေ ဦးခင်မောင်လွင်(၅၉)နှစ်နှင့် ဦးဗရာ(၄၀)နှစ်တို့ ဖြစ်သည်ကို သိရှိရသည်။
ထိုဖြစ်စဥ်တွင် သေဆုံးသူ ဦးခင်မောင်လွင်၌ ယာနို့အုံကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ရင်ညွန့်ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲရင်အုံထိုးသွင်းဒဏ်ရာ ၃ ချက်၊ ဝမ်းဗိုက်ယာဘက်ထိုးသွင်းဒဏ်ရာ ၁ ချက်၊ နောက်ကျောပြင်ထိုးသွင်းဒဏ်ရာ ၄ ချက်၊ စုစုပေါင်းဒဏ်ရာ ၁၀ ချက်နှင့် ဦးဗရာတွင် မျက်နှာဖူးရောင်နေပြီး လက်နှစ်ဖက်အား ပလပ်စတစ်ကျစ်ကြိုးဖြင့်နောက်ပြန်တုပ်ထားလျက် ဝဲ/ယာရင်အုံထိုးသွင်းဒဏ်ရာ ၈ ချက်၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ ၁ ချက်၊ စုစုပေါင်းဒဏ်ရာ ၉ ချက်တို့ရရှိကာ အသီးသီးသေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် အလောင်းတွေ့ရှိသည့်နေရာခြုံစပ်တစ်လျှောက်တွင် သံတောင် PDF များ အသုံးပြုသည့် ၇.၆၂X၃၉ ကျည် ခွံ ၃ ခုနှင့် ၉မမ ကျည်ခွံ ၁ ခုတို့အား သိမ်းဆည်းရမိခဲ့ပြီးနောက် အလောင်းများအား တောင်ငူမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားရှိကာ (ပ)၅၆/၂၀၂၃၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းနှင့် တရားခံများဖမ်ဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထိုဖြစ်စဥ်တွင် သေဆုံးသူဦးခင်မောင်လွင်မှာ သံတောင်(အထူးဒေသ) ငြိမ်းချမ်းရေးအဖွဲ့ဝင် ဗိုလ်ကြီးစောခင်မောင်လွင်ဆိုသူဖြစ်ကြောင်းနှင့် အခြားသူမှာ ဗိုလ်ဗရာဖြစ်ကာ ထိုသူနှစ်ဦးမှာ ကျွန်းသစ်များထုတ်ယူနေ၍ သ-တ်ဖြတ်လိုက်သည်ဟု စွပ်စွဲထားကာ ယင်းတို့ထံမှ M1 Carbineတစ်လက်နှင့် ကျည် ၁၀ တောင့် တွေ့ရှိသည်ဟု သ-တ်ဖြတ်သည့် သံတောင် PDF(People Defence Force Thandaung) က ယမန်နေ့ ဇူလိုင် ၅ ရက် ညပိုင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ။ သေဆုံးသူ ဦးခင်မောင်လွင်တို့နှစ်ဦးထံမှ တွေ့ရှိသည့်ဆိုသော အထောက်အထားများနှင့် သံတောင် PDF သိမ်းယူသည့်ပစ္စည်းများ တွေ့ရစဥ်