MT News
Written by Naing Thuta
ထမင်းပေါင်းအိုးတည်ထားရာမှ အပူရှိန်လွန်ကဲကာ နေအိမ်မီးလောင်ကျွမ်းမှု မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ယမန်နေ့ညနေကဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ (ဇူလိုင်လ ၅ ရက်နေ့)ညနေ ၆ နာရီခန့်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်(အရပ်အခေါ် ၊ ဆန်တန်းရပ်)၊ ကျောင်းသစ်လမ်းရှိ ဒေါ်သန်းသန်းအေး၏ နေအိမ်တွင် လျှပ်စစ်ထမင်းပေါင်းအိုးဖြင့် ထမင်းချက်ထားခဲ့ရာမှ အပူရှိန်လွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံလူမှုကူညီရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများမှ ပူးပေါင်းကာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သောကြောင့် ညနေ ၆ နာရီ ၂၅ မိနစ်ခန့်တွင် မီးငြိမ်းနိုင်ခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုး၊ ထရံကာ၊ တစ်ထပ်၊ ခြေတံရှည်နေအိမ်တစ်ခုလုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ လျှပ်စစ်မီးကိုပေါ့ဆစွာအသုံးပြုသည့် ဒေါ်သန်းသန်းအေးအား အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းလည်း သိရသည်။