၅.၇.၂၀၂၃
Translated by Htwe Ko Tun
မလေးရှားနိုင်ငံတွင် အလုပ်အကိုင်များရရှိရန် မျှော်လင့်ချက်များဖြင့်ထွက်ခွာလာသော မြန်မာနိုင်ငံမှ တရားမဝင်ပြောင်းရွှေ့နေထိုင်အလုပ်ရှာဖွေသူများအား ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှားနယ်စပ်နှင့်ထိစပ်နေသည့် ဆုန်ခလာပြည်နယ်၊ ဆာဒေါင်းခရိုင်အတွင်း စွန့်ပစ်အိမ်တစ်လုံး၌ ဇူလိုင်လ ၄ ရက်က ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောခဲ့သည်။
တရားမဝင်ပြောင်းရွှေ့နေထိုင်အလုပ်ရှာဖွေသူများက ပါဒန်ဘီဆာခရိုင်ခွဲ၊ ချိုက်ခွန်လမ်းပေါ်ရှိ စွန့်ပစ်အိမ်တစ်လုံး၌ခိုအောင်းနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းထားသောအဖွဲ့က ဇူလိုင်လ ၄ ရက်တွင် ဝင်ရောက်စီးနင်း၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများတွင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ပါဝင်ပြီး အသက်အားဖြင့် ၁၉ နှစ်မှ ၂၆ နှစ်ရှိကြကြောင်း သိရသည်။ ၎င်းတို့က မလေးရှားနိုင်ငံသို့ အလုပ်ရှာသွားရန် မြန်မာနိုင်ငံမှထွက်ခွာလာကြခြင်းဖြစ်ပြီး သက်ဆိုင်သည့် လိုအပ်သော စာရွက်စာတမ်းများ တစ်စုံတစ်ရာမပါရှိကြကြောင်း ဖမ်းဆီးသည့် အရာရှိများက ပြောကြားသည်။
၎င်းတို့က အဆိုပါစွန့်ပစ်အိမ်အတွင်း ထောင့်သုံးလေးခု၌ ခွဲထိုင်နေကြပြီး ၎င်းတို့၏လက်ကောက်ဝတ်များ၌လည်း ရောင်စုံဖဲပြားများကို ၎င်းတို့မည်သည့်ဒေသမှလာသည်ကို ရည်ညွှန်းဖော်ပြသည့်အနေဖြင့် ပတ်ထားကြကြောင်း သိရသည်။
Ref—-Bangkok Post