၅.၇.၂၀၂၃
Written By Thandar
Sliver Egg Online Cinema ရဲ့ ပထမဆုံး “ကျိန်စာသင့်နတ်သုဒ္ဓါ” ဇာတ်ကားကြီးဟာ ASEAN International Film Festival မှာ ဆန်ခါတင်စာရင်းဝင်တယ်လို့ ဆိုပါတယ်။
“ကျွန်တော် ကျိန်စာသင့်နတ်သုဒ္ဓါ ဇာတ်ကားကို ရိုက်ပြီးပြီချင်း Edit ပိုင်း၊ ဆင်ဆာ စတာတွေကျချိန်မှာ မလေးရှားမှာရှိတဲ့ ASEAN International Film Festival ပြိုင်ပွဲဝင်ဖို့ စာလေးပို့ထားပါတယ်။ အချက်အလက်တွေ အကုန်တောင်းထားခဲ့တယ်။ နမူနာကို Sub Title တွေလည်း ထိုးပေးခဲ့တယ်။ ရိုက်ကူးရေး ရိုက်နေတုန်း Mail ရောက်လာတယ်။ ဆန်ခါတင်စာရင်းပါလို့ ပထမ Sub Title ကို အပြည့်ထိုးပေးဖို့ ထပ်ပြောတယ်။ ဆန်ခါတင်စာရင်းတင်နေလို့ လှမ်းပြောခဲ့တာပါ။ ဒီကားမှာပါဝင်တဲ့ ဒါရိုက်တာရယ်၊ မင်းသမီး ခိုင်နှင်းဝေနဲ့ ရွှေသမီးတို့အတွက် နေထိုင်ဖို့ လက်မှတ်ပို့ပေးမယ် အကြောင်းကြားလာပါတယ်”လို့ ဒါရိုက်တာ စတီးလ်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို မေလ ၁၉ ရက်က မြန်မာပြည်ရှိ Silver Egg Online Cinema မှာ ပထမဆုံး စတင်ပြသခဲ့တာဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာလုပ်မဲ့ ASEAN International Film Festival And Awards ဆုပေးပွဲမှာတော့ အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး မင်းသမီးဆု၊ အကောင်းဆုံး ဇာတ်ပို့ဆု၊ အကောင်းဆုံး တေးဂီတဆုစတဲ့ ဆုပေါင်း ၂၀ ကျော် ပေးအပ်သွားမယ်လို့ သိရပါတယ်။
“ကျွန်တော်တို့နိုင်ငံမှာ တိရစ္ဆာန်လေးတွေကို ဂေဟာတစ်ခုဖွင့် စောင့်ရှောက်တယ်။ သူတို့ဆီမှာ နိုင်ငံပိုင် တိရစ္ဆာန်တွေကို စောင့်ရှောက်ကြတယ်။ ဒီနိုင်ငံတော်ပိုင်မဟုတ်ဘဲ လူပုဂ္ဂိုလ်က ဒီကလေးတွေကို ကိုယ့်ဘာသာစောင့်ရှောက်တယ်။ နောက်အလှူရှင်တွေက စောင့်ရှောက်ပေးလို့ သဘောကျတယ်။ မြန်မာနိုင်ငံက ယဥ်ကျေးမှုကို သဘောကျတယ်။ လူတွေထက် တိရိစ္ဆာန်လေးတွေကို ပိုဂရုစိုက်စောင့်ရှောက်ပေးနေတာကို မြင်ပြီး စိတ်ဝင်စားကြတယ်”လို့ သူကဆက်ပြောပါတယ်။
Silver Egg Online Cinema ရဲ့ ပထမဆုံးပြသနေတဲ့ “ကျိန်စာသင့်နတ်သုဒ္ဓါ”ဇာတ်ကားက မြန်မာနိုင်ငံကိုယ်စားပြု ရွေး ချယ်ခံရတဲ့ ဇာတ်ကားတစ်ကားဖြစ်သလို ပြည်သူထဲကပြည်သူတွေက ကိုယ့်ပိုက်ဆံနဲ့ကိုယ် တိရစ္ဆာန်ကလေးတွေကို စောင့်ရှောက်ပေးတာလေးတွေကို သဘောကျတာကြောင့် မလေးရှားနိုင်ငံက ASEAN International Film Festival And Awards မှာ ဆန်ခါတင်ရွေးချယ်ခံခြင်းဖြစ်ပါတယ်။