၅.၇.၂၀၂၃
Translated by Htwe Ko Tun
မက္ကဆီကိုနိုင်ငံတွင် မြို့တော်ဝန်တစ်ဦးက မိကျောင်းခေါင်းတိုမျိုးစိတ်ဝင် Caiman သတ္တဝါအမတစ်ကောင်အား ၎င်း၏မြို့နေပြည်သူများအတွက် ကောင်းမွန်သောအနာဂတ်ကို ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်၍ဟုဆိုကာ ရိုးရာမင်္ဂလာအခမ်း အနားဖြင့် လက်ထပ်ထိမ်းမြားခဲ့သည်ဟု ဆိုသည်။
မြို့တော်ဝန် ဟူဂိုဆိုဆာက ဘိုးဘွားလက်ထက်မှ အစဉ်အလာ ဓလေ့ထုံးတမ်းနှင့်အညီ ကျင်းပသော မင်္ဂလာအခမ်းအနားအတွင်းတွင် “ကျွန်တော်တို့နှစ်ဦး တစ်ဦးကိုတစ်ဦး ချစ်ကြပါတယ်။ လက်ထပ်ရာမှာ ဒီအချက်ကလည်း အရေးကြီးပါတယ်။ ချစ်ခြင်းမေတ္တာမရှိဘဲ တစ်စုံတစ်ဦးကို လက်မထပ်နိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။
မြို့တော်ဝန်၏အိမ်ထောင်ဖက် Caiman သတ္တဝါအမအား အလီစီယာ အက်ဒရီယာနာဟု ခေါ်ကြကာ ၎င်းက ‘မင်းသမီးပျိုလေး’ ဟု အမည်ပေးခဲ့သည်။ မက္ကဆီကိုနိုင်ငံတောင်ပိုင်း အော့ဆာကာပြည်နယ်အတွင်း ချုံတယ်လူမျိုးစုတို့၏ မြို့ဖြစ်သော ဆန်ပီဒရို ဟွာမီလူလာမြို့တွင် ဇူလိုင်လဆန်းကကျင်းပခဲ့သော အဆိုပါမင်္ဂလာပွဲ၌ မြို့တော်ဝန်၏ ပြောစကားအပြီး တက်ရောက်လာသူများက လက်ခုပ်တီး ဩဘာပေးကာ ကခုန်မှုပြုခဲ့ကြသည်။
မင်္ဂလာပွဲတွင် သတို့သားမြို့တော်ဝန်က သတို့သမီးဖြစ်သည့် Caiman သတ္တဝါအမ၏ ဦးခေါင်းကို အနမ်းပန်းပေးခဲ့သည်။ သတို့သားအဖြစ် လူသားတစ်ဦးက သတို့သမီးဖြစ်သည့် မိကျောင်းခေါင်းတို အုပ်စုဝင် အဆိုပါ Caiman အမတစ်ကောင်ကို လက်ထပ်ထိမ်းမြားခြင်းအခမ်းအနားကို ဒေသငြိမ်းချမ်းရေးကို ရည်ရွယ်၍ ချုံတယ်နှင့် ဟွာဗီး လူမျိုးစုများက လွန်ခဲ့သည့် နှစ်ပေါင်း ၂၃၀ ကပင် ကျင်းပခဲ့ကြသည်။ မြို့တော်ဝန်က ချုံတယ်လူမျိုးစုတို့၏ ဘုရင်အဖြစ်ယူဆကာ Caiman အမအား ဟွာဗီးလူမျိုးစုတို့၏ မင်းသမီးပျိုမိန်းကလေးအဖြစ် သညာထား၍ လူမျိုးစုနှစ်စုငြိမ်းချမ်းရေးကိုရည်စူးပြီး အဆိုပါမင်္ဂလာပွဲ အား ကျင်းပခဲ့ခြင်းဟုလည်း ဆိုကြသည်။
မိကျောင်းခေါင်းတိုနှင့်တူသော Caiman သတ္တဝါများကို မက္ကဆီကိုနိုင်ငံနှင့် အမေရိကတိုက်အလယ်ပိုင်းတို့တွင် စိမ့်မြေ၊ ရွှံနွံ များ၌ တွေ့ရလေ့ရှိသည်။
Ref—-Sky News