၅.၇.၂၀၂၃
Written by Peya
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်ပြီး ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ငါးဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသား မောင်မင်းမင်းဟိန်းသည် မိဘများ၏ ငွေရေးကြေးရေးအခြေအနေကြောင့် ဆေးတက္ကသိုလ် တက်လိုသော်လည်း အကူအညီလိုအပ်နေကြောင်း သိရသည်။
မောင်မင်းမင်းဟိန်းသည် တောင်ဥက္ကလာပမြို့နယ် (၁၄)ရပ်ကွက်၊ စီမံကိန်း ၁၊ ကြက်မောက်လမ်း အမှတ် ၃၉၆၊ ၄ ခန်းတွဲလိုင်းခန်းတွင် နေထိုင်ခြင်းဖြစ်ကာ မိဘများက အိမ်ငှားနေကြခြင်းဖြစ်ပြီး ဦးမောင်ထွေးတင်နှင့် ဒေါ်သန်းသန်းစိုးတို့၏ သားဖြစ်ကာ ဖခင်ဖြစ်သူမှာ ဆိုက်က္ကားနင်းသူ ဖြစ်ကြောင်းလည်း သိရသည်။
“သူက ဆေးတက္ကသိုလ် တက်ချင်တယ် ပြောပါတယ်။ ကျွန်တော်က အမှန်အတိုင်း ပြောရရင် ဆိုက္ကားသမားပါ။ အခုထိတော့ ဘယ်သူမှ ကူညီပေးမယ့်သူတော့ မရှိသေးပါဘူး” ဟု ဖခင်ဖြစ်သူ ဦးမောင်ထွေးတင်က ဆိုသည်။
မိဘများအနေဖြင့်လည်း မောင်မင်းမင်းဟိန်း စာကြိုးစားသည့်အပေါ် အားပေးခဲ့ကြကာ ဖခင်ကဲ့သို့ ဖြစ်လိုသလား၊ မဖြစ်လိုလျှင် စာကြိုးစားဟု ဥပမာပေးကာ ဆုံးမလေ့ရှိကြောင်းလည်း ၎င်းက ဆိုသည်။
“ကျွန်တော့်သားကို ယုံကြည်တယ်။ သူက စာတော်တဲ့ အထဲမှာပါတယ်။ ဆရာဝန်လိုင်းကို အားသန်တယ်။ သူက အေးအေးသမား။ သူစာလုပ်တယ်” ဟု ဦးမောင်ထွေးတင်က ဆိုသည်။
အကူအညီပေးစေလိုကြောင်းလည်း ဖခင်ဖြစ်သူ ဦးမောင်ထွေးတင်က MT News သတင်းဌာနကတစ်ဆင့် အကူအညီတောင်းခဲ့ကာ ဖုန်းဆက်သူ ရှိသော်လည်း ကူညီရန်အတွက် အကောင်အထည် မပေါ်သေးကြောင်း ၎င်းက ဆိုသည်။
မောင်မင်းမင်းဟိန်း၏ ဘဝရည်မှန်းချက်ကို ဖြည့်ဆည်းကူညီ ပညာဒါနပြုလိုသူများအနေဖြင့် ဖခင်ဖြစ်သူ ဦးမောင်ထွေးတင်၏ ဖုန်းနံပါတ်ဖြစ်သည့် 09963787076 သို့ တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်းလည်း သိရသည်။