MT News
Written by Hey Mar
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် အဆိပ်တောင်ကျေးရွာအုပ်စု သစ်နီကျေးရွာ အမြန်လမ်း (၅၃/၅ မိုင်)အနီးမှာရှိတဲ့ မေတ္တာကမ်းလက် ပရဟိတ မိဘမဲ့ကလေးများစောင့်ရှောက်ရေးဘုန်းတော်ကြီးကျောင်းမှာ ဇူလိုင်လ ၄ ရက်နေ့က မနက်စာအဖြစ် လာရောက်လှူဒါန်းတဲ့ ခေါက်ဆွဲကြော် စားသုံးမိရာက ကလေးငယ်အယောက် တစ်ရာကျော်အစာအဆိပ်သင့် လက္ခဏာ ဖြစ်ပွားခဲ့တယ်လို့ ပဲခူးမြို့အခြေစိုက် ကလျာဏမိတ္တ လူမှုကူညီရေးအသင်းကနေ သိရပါတယ် ။
ဖြစ်စဥ်ကြောင့် ဘုန်းတော်ကြီးကျောင်းရှိ အသက်အငယ်ဆုံး လေးနှစ်အရွယ်ကလေးကနေ ၁၅ နှစ်အရွယ်ဆယ်ကျော်သက်အပါအဝင် ၁၂၆ ယောက် ဆေးရုံတင်ပို့ ကုသဆဲလို့ သိရပါတယ်။
“ခေါက်ဆွဲကျော်ထဲက ဂေါ်ဖီ မသန့်လို့ ဖြစ်တာလို့ ပဲခူးဆေးရုံကြီးက ဆေးဝန်ထမ်းတွေက မှတ်ချက်ပြုတယ်။ ဂေါ်ဖီကို ဖျန်းတဲ့ ပိုးသတ်ဆေး ဓာတ်ကြွင်းကြောင့် ဖြစ်တာလို့ ပြောပါတယ်။ ကလေးတွေ ခံစားရတဲ့ လက္ခဏာက မူးဝေ အော့အန်ကြတာပါ။ ကျွန်တော်တို့ ပရဟိတ အသင်းတွေ စုပေါင်းပြီး ကလေးတွေကိုသွားရောက်ခေါ်ယူ ဆေးရုံ တင်ပို့ပေးခဲ့ပါတယ်။ အခုထိတော့ ဆေးရုံက ကလေးတွေကို ဆင်းခွင့် မပြုသေးပါဘူး။ သက်သာကြပါတယ်။ ဒါပေမယ့် မနက်ဖြန်တစ်ရက်တော့ ထပ်စောင့်ကြည့်မယ်လို့ ဆရာဝန်ကြီးက ပြောထားပါတယ်” လို့ ကလျာဏမိတ္တ လူမှုကူညီရေးအသင်းရဲ့ အကျိုးတော်ဆောင် ဦးတင့်ဆွေမြင့်က ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ကလေးငယ်အားလုံး အသက်အန္တရာယ်စိုးရိမ်ရမှု လုံးဝ မရှိကြောင်းနဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့အတူ ပရဟိတအသင်းသားတွေကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။