၅. ၇. ၂၀၂၃
Written by Thettant
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်အတွင်းရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာ ငှားရမ်းခွင့်လျှောက်လွှာများကို တစ်စောင်လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးများတွင် ဇူလိုင် ၃ ရက်မှစတင်၍ ရောင်းချပေးနေပြီဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ကြေညာထားသည်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အခန်းများသည် တစ်ခန်းအကျယ် ၅၈၈ စတုရန်းပေရှိပြီး အခန်းပေါင်း ၁၁၆၈ ခန်းကို ပထမအဆင့်အနေဖြင့် ငှားရမ်းသွားမည်ဖြစ်ကြောင်းနှင့် ငှားရမ်းခွင့်လျှောက်လွှာများကို ဇူလိုင် ၃ ရက်မှ ၃၁ ရက်အထိ ရောင်းချပေးမည်ဖြစ်ကာ မိမိတို့ ဝယ်ယူခဲ့သည့် မြို့နယ်ထွေ/အုပ်ရုံးများတွင် ဇူလိုင် ၃၁ ရက် နောက်ဆုံးထား လျှောက်လွှာများကို ပြန်တင်ရမည်ဖြစ်သည်။
အိမ်ခန်းငှားရမ်းခြင်း သက်တမ်း ငါးနှစ်ဖြစ်ပြီး ငါးနှစ်နေထိုင်ပြီးပါက အိမ်ခန်းကို ပြန်လည်အပ်နှံရမည်ဖြစ်ကာ တစ်လငှားရမ်းခနှုန်းထားများမှာ ပထမထပ် ၆၇၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀၀၀၀ ကျပ်၊ တတိယထပ် ၅၅၀၀၀ ကျပ်၊ စတုတ္ထထပ် ၄၆၀၀၀ ကျပ်တို့ဖြစ်သည်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာသည် အမှန်တစ်ကယ် နေရေးအခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းအိမ်ရာမရှိသဖြင့် နေရေးအခက်အခဲရှိနေသော တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအတွက် ရည်ရွယ်ထားကြောင်း သိရသည်။