၄. ၇. ၂၀၂၃
Written by Peya
မြန်မာနိုင်ငံတွင် တောပြုန်းခြင်းနှင့် တရားမဝင် သစ်ခုတ်ခြင်းတို့ကြောင့် မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နေသည့် ပန်ဒါနီများ၏ စားကျက်မြေ လျော့နည်းလာပြီး အကောင်အရေအတွက်လည်း ကျဆင်းလာကြောင်း Native Species Conservation and Identification in Myanmar ဂရု မှ သိရသည်။
ပန်ဒါနီများကို မြန်မာနိုင်ငံတွင် အဓိကအားဖြင့် ခါကာဘိုရာဇီအမျိုးသားဥယျာဉ်နှင့် ဖုန်ကန်ရာဇီဘေးမဲ့တော၊ ကချင်ပြည်နယ်အရှေ့မြောက်စွန်းဒေသများဖြစ်သည့် မဂျယ်တောင်နှင့် အီမောဘွန်းဒေသတို့တွင် တွေ့ရပြီး မြန်မာနှင့် တရုတ် ထိစပ်နေတဲ့ဒေသများ၊ မြန်မာနှင့်တကွ အိန္ဒိယ ထိစပ် တောင်တန်းဒေသတို့တွင် အဓိက နေထိုင်ကြကာ ကင်မရာထောင်ချောက်မှတ်တမ်းများအရ ခါကာဘိုရာဇီဒေသတဝိုက်က ပန်ဒါနီများ၏ အမြီးနှင့် မျက်နှာပိုင်း ပုံပန်းသဏ္ဍာန်သည် တရုတ်ပန်ဒါနီ Chinese Red Panda (𝘈𝘪𝘭𝘶𝘳𝘶𝘴 𝘴𝘵𝘺𝘢𝘯𝘪) ဖြစ်နိုင်သည်ဟု ယူဆထားသော်လည်း မျိုးဗီဇကို စစ်ဆေးရန် လိုအပ်နေသေးကြောင်း သိရသည်။
“လတ်တလောမှာတော့ ပန်ဒါနီတွေကို မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နေသော မျိုးစိတ်များအဖြစ် IUCN က သတ်မှတ်ထားပါတယ်။ မြန်မာပြည်မှာတော့ တောပြုန်းခြင်းနဲ့ တရားမဝင်သစ်ခုတ်ခြင်းတို့ကြောင့် ပန်ဒါနီတွေရဲ့စားကျက်မြေတွေ လျော့နည်းလာပြီး အကောင်အရေအတွက်လည်း ကျဆင်းလာပါတယ်။ ဒါ့အပြင် အစားအသောက်နဲ့ ဆေးဝါးအတွက် အမဲလိုက်ခံရခြင်း၊ အိမ်မွေးတိအဖြစ် ရောင်းဝယ်ခံရခြင်းစတာတွေကလည်း ပန်ဒါနီတွေရဲ့ အသက်ရှင်ရပ်တည်မှုကို အနှောင့်အယှက်ပေးနေပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဇီဝမျိုးစုံမျိုးကွဲများရဲ့ ထူးခြားသော တစိတ်တပိုင်းကို ကိုယ်စားပြုတဲ့ ပန်ဒါနီများဟာ ဂေဟစနစ်အတွက်လည်း အရေးပါနေပါတယ်။ သို့သော်လည်း ပန်ဒါနီလေးများ၏ ပျံ့နှံ့တည်ရှိမှုသည် အကန့်အသတ်များရှိခြင်းနဲ့ သူတို့အမြဲကြုံတွေ့နေရတဲ့ ဖမ်းဆီးသတ်ဖြတ်ခံရမှုပြဿနာတွေဟာ မြန်မာနိုင်ငံမှာ သူတို့အတွက် ထိရောက်တဲ့ထိန်းသိမ်းစောင့်ရှောက်မှုတွေ လိုအပ်နေသေးတယ်ဆိုတာကို မီးမောင်းထိုးပြနေသလိုပါပဲ” ဟု အဆိုပါ ဂရုတွင် မျှဝေထားချက်အရ သိရသည်။