October 22, 2024

ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားမ​ျား၏ လွှဲပို့ငွေများ အဆင်ပြေစေရေး အလုပ်သမားဝန်ကြီးဌာနက ဆွေးနွေးနေမှုကို တွေ့ရစဥ် (Photo-MOL)

MT News

Written by Hey Mar

လာမည့် ၂၀၂၃ ခုနှစ်အတွက် EPS စနစ်ဖြင့် ကိုရီးယားအစိုးရမှ နိုင်ငံ ၁၆ ခုမှ အလုပ်သမား တစ်သိန်းခေါ်ယူမည့် ခွဲတမ်းတွင် မြန်မာလုပ်သားများ ခွဲတမ်းများများရရှိရေးမှာ ရှေ့တွင်ရောက်နှင့်နေသည့် အလုပ်သမားများ၏ အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေးနှင့် အများကြီးသက်ရောက်မှုရှိကြောင်း ကိုရီးယားနိုင်ငံရောက်မြန်မာလုပ်သားများအရေးအကူအညီပေးနေသည့် Daewon Myanmar and Korea မှ တာဝန်ရှိသူတစ်ဦးက MTNews သို့‌ ပြောသည်။

ကိုရီးယားနိုင်ငံက ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တွင် လုပ်သားခေါ်ယူမှု လုံးဝမရှိခဲ့ဘဲ လာမည့် ၂၀၂၃ ခုနှစ်တွင်မှ EPS လုပ်သားဦးရေ တစ်သိန်း ခေါ်ယူမည်ဟု ပြီးခဲ့သည့် သောကြာနေ့တွင် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ မူဝါဒချမှတ်ရေးကော်မတီမှ အစည်းအဝေးတွင်ဆုံးဖြတ်ခဲ့သည်။

“ကိုရီးယားက အလုပ်ခေါ်ရာမှာ EPS အောင်ပြီးသမျှ လူ အလုပ်ရမယ်လို့လည်း အာမခံချက်က မရှိပြန်ဘူး။ ၂၀၁၉ က ဖြေပြီးအောင်ထားတဲ့သူတွေဆို ၂၀၂၀- ၂၀၂၁ မှာ အလုပ်မခေါ်တော့ သူတို့မှာ စာမေးပွဲဖြေပြီးရင် အလုပ်ခေါ်စာစောင့်ဖို့က အချိန် ၂ နှစ်ပဲ ရှိတယ်။ အဲဒီလူတွေက အခု အခက်တွေ့ပြီ။ ရင်းထားတဲ့ သင်တန်းကြေးတွေ ဆုံးရှုံးတာပေါ့ “ ဟု အဆိုပါ အေဂျင်စီမှ တာဝန်ရှိသူက ပြောသည်။

EPS -POEAအောင်မြင်ပြီးသူတိုင်း အလုပ်ခေါ်စာ စောင့်ဆိုင်းခွင့် ၂ နှစ်ရှိသလို အလုပ်သမား၏ ပြဿနာကြောင့် မဟုတ်ဘဲ အကြောင်းကြောင်းကြောင့် အလုပ်ရှင်ဘက်မှ အလုပ်ခေါ်စာ ဖျက်သိမ်းခဲ့လျှင် သက်တမ်း ၁ နှစ် တရားဝင်ထပ်တိုးခွင့်ရှိကြောင်း နှစ်နိုင်ငံ အလုပ်သမားစာချုပ် ဥပဒေတွင် ပါရှိသော်လည်း ထိုဥပဒေအတိုင်းအပြည့်အဝ မခံစားရဟု EPS- POEA ဖြေဆိုအောင်မြင်ပြီးသူတစ်ဦးမှ ယင်းတို့ ကြုံတွေ့နေရသည့် အခက်အခဲကို MT News သို့ ပြောသည်။

“ အမှန်အတိုင်းပြောရရင် အခုကိစ္စတွေကို EPS ဖြေဆိုနည်းသင်တန်းပေးနေတဲ့ဆရာ၊ ဆရာမ၊ သင်တန်းကျောင်းတွေ သိပါတယ်။ ဒီလို နစ်နာချက်တွေရှိမှန်းသိရင် EPS မှာ လူတွေပြုံတိုးတော့မှာမဟုတ်တော့ သေချာ မပြောကြဘူး။ နောက်ပြီး Cancel ခံရတာတွေပေါ့။ ဟိုဘက်က သူဌေးကခေါ်တယ်ဆို ချက်ချင်းထသွားလို့မရဘူး။ ဒီကနေ CCVI ရယ်၊ လေယာဥ်ရက်ရယ်က စောင့်ရတယ်။ POEA ဘက်က CCVI ကို ချပေးတာမှာ ကြာတယ်။ ၆ လလောက်အထိကြာတော့ ဟိုဘက်က သူဌေးက မစောင့်တော့ဘူး။ မြန်မြန်ရတဲ့ နိုင်ငံက အလုပ်သမား ခေါ်သွားရော။ အဲဒီမှာ ဖျက်သိမ်းခံရတဲ့ သူက ဒီဘက်ကလည်း နောက်တစ်ကြိမ်ပြန်လည်စောင့်ဆိုင်းခွင့်ဥပဒေပါအတိုင်း သေချာ ပြန်မလုပ်ပေးရင် အရမ်းကို နစ်နာပါတယ်” ဟု EPS _POEA ၏ ဖြေဆိုအောက်မြင်ထားသူက လက်ရှိကြုံတွေ့နေရတဲ့ပြဿနာများကို ထောက်ပြ ပြောဆိုသည်။

လက်ရှိတွင်လည်း လာမည့်နှစ် EPS ဝန်ထမ်းခေါ်ဆိုရာတွင် မြန်မာလုပ်သားများ ပါဝင်နိုင်ရေး POEA ဘက်မှ သေချာ ပြင်ဆင်မပေးနိုင်သေးဘဲ ၂၀၁၉ ခုနှစ်ကတည်းက EPS -POEA အောင်မြင်ပြီးများကိုပင် နိုင်ငံကူးလက်မှတ်သတ်တမ်းတိုးမှု လုပ်မပေးနိုင်သေးကြောင်း အလုပ်ခေါ်စာစောင့်ဆိုင်းနေသူ လုပ်သားများက ဆိုသည်။

ကိုရီးယားနိုင်ငံမှ လာမည့်နှစ်အတွက် လုပ်သားခေါ်ယူမည့် ကဏ္ဍများမှာ ကုန်ထုတ်လုပ်ငန်းများအတွက် အလုပ်သမားဦးရေ ၇၅၀၀၀၀၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းအတွက် ၁၄၀၀၀၊ ရေလုပ်ငန်းအတွက် ၇၀၀၀၊ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ၃၀၀၀ နှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် ၁၀၀၀ ဟု သိရသည်။ မြန်မာလုပ်သား အများစုမှာ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းနယ်ပယ်တွင် သွားရောက်လုပ်ကိုင်ကြမှု များပြားသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *