၄.၇.၂၀၂၃
Written by Peya
ပဲခူးတိုင်းဒေသကြီး၊ ကြိုပင်ကောက်မြို့နယ်တွင် ဒိုင်နာယာဉ်နှင့် ခြောက်ဘီးကားတို တိုက်မိရာ ဒိုင်နာမောင်းသူ၏ အလောင်းကို ပေ ၂၀ ခန့် အကွာတွင် နာရီပိုင်းအကြာမှ သေဆုံးလျှက် ပြန်တွေ့ရကြောင်း နာရေးကူညီမှုအသင်း (ကြိုပင်ကောက်မြို့) မှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ ဇူလိုင်လ ၃ ရက် ညပိုင်း ၈ နာရီ ၁၅ မိနစ်အချိန်က ကြိုပင်ကောက်မြို့နယ်၊ ကျွဲဘိကျေးရွာ အနီး၊ ရန်ကုန်ပြည်လမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ မျက်နှာချင်းဆိုင်တိုက်မိသည့် ဒိုင်နာယာဉ်နှင့် ကုန်ကားတို့မှာ နှစ်စီးစလုံးတွင် ကုန်များ တင်လာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယာဥ်တိုက်မိသည့်အချိန်မှာ ညကာလဖြစ်ခြင်း၊ ခြုံနွယ်များရှိနေခြင်းတို့ကြောင့် ယာဥ်တိုက်မှုတွင် ပါဝင်သူများမှာ အလွယ်တကူမတွေ့ရဘဲ ပျောက်ရှိနေသဖြင့် နာရီပိုင်းကြာအောင် ရှာဖွေခဲ့ရခြင်းလည်းဖြစ်သည်။
“နောက်ကျမှ ရေထဲ လိုက်ရှာကြည့်တော့မှ အလောင်းကို တွေ့တာပါ။ (ကားတိုက်ပြီးတော့ ဒရိုင်ဘာက) လွင့်ထွက်သွားတဲ့ ပုံစံမျိုးပါ။ ယာဉ်တိုက်မှု ဖြစ်တဲ့ နေရာကနေ ပေ ၂၀ လောက်မှာ ပြန်တွေ့တာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ဖြစ်စဉ်တွင် အမျိုးသား ၁ ဦး လက်ကျိုးဒဏ်ရာ၊ ကလေးငယ်တစ်ဦး ပေါင်ကျိုးဒဏ်ရာရကာ အခြားအမျိုးသား ၁ ဦးမှာ မစိုးရိမ်ရ ဒဏ်ရာရပြီး ဒဏ်ရာရသူများအနက် အမျိုးသား တစ်ဦးကို ပြည်မြို့ ဆေးရုံကြီးသို့ လွှဲပြောင်း ကုသပေးခဲ့ရကြောင်းလည်း သိရသည်။
အဆိုပါ ဖြစ်စဉ်တွင် သေဆုံးသွားသူ၏ ရုပ်အလောင်းကို ဇီးကုန်းမြို့နယ်က နေအိမ်သို့ ယနေ့ ဇူလိုင်လ ၄ ရက်တွင် ပို့လိုက်ပြီ ဖြစ်ကြောင်းလည်း သိရသည်။