◾ သုံးဦးစလုံးကို ထုံးဘိုလမ်းခွဲတွင် သတိလက်လွတ်အမူအရာနဲ့ ဘေးမသီ ရန်မခ ပြန်တွေ့
၄. ၇. ၂၀၂၃
Written by Hey Mar
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်မှာနေထိုင်တဲ့ အသက် ၁၃ နှစ်နဲ့ ၁၅ နှစ်ကြား ကလေးငယ် ၃ ဦးဟာ ဇူလိုင်လ၂ ရက် လပြည့်နေ့က အလည်အပတ်ထွက်ရာကနေ အိမ်ကိုပြန်မရောက်လာတာကြောင့် လိုက်လံရှာဖွေရာက ထုံးဘိုလမ်းခွဲ လမ်းဘေးမှာ သတိလက်လွတ်ဖြစ်နေတဲ့ အနေအထားနဲ့ ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ အဆိုပါကလေးတွေရဲ့ အုပ်ထိန်းသူ ဦးလေးတော်စပ်သူက MT News ကို ပြောပါတယ်။
ဇူလိုင်လ ၂ ရက် မနက် ၉ နာရီဝန်းကျင်ခန့်က မောင်အောင်သန်းဦး(အသက် ၁၃ နှစ်) မောင်အောင်ခန့်ဇော်(ခ)အကြီး(အသက် ၁၃နှစ်)၊ မောင်ထွန်းဇေယျလင်း(အသက် ၁၅ နှစ်) တို့ သုံးဦးဟာ နေအိမ်ကနေ အလည်အပတ်ထွက်သွားရာက ပြန်ရောက်မလာတာကြောင့် ပရဟိတ အသင်းအဖွဲ့တွေဆီ အကူအညီတောင်းပြီး မန္တလေးမြို့တခွင် ရှာဖွေခဲ့သလို ဆိုရှယ်မီဒီယာ၊ လူမှုကွန်ရက်ကနေလည်း ရှာဖွေခဲ့ကြပါတယ်။ အဲဒီကတစ်ဆင့် တွေ့ရှိတယ်လို့ ဆက်သွယ်လာတာတွေရှိခဲ့ပြီး ဇူလိုင် ၃ ရက် ည နေ ၆ နာရီ အချိန်ခန့်မှာတော့ မန္တလေး ထုံးဘိုလမ်းခွဲ ကားလမ်းဘေးမှာ ဆိုင်ကယ်နဲ့အတူ ငုတ်တုပ်ထိုင်နေကြတာတွေ့ရှိပြီး ပြန်လည်ခေါ်ဆောင်လာတာဖြစ်ကြောင်း ဦးလေးဖြစ်သူက ပြောပြပါတယ် ။
“ကလေးတွေက ဆေးဝါးတစ်ခုခု သုံးထားသလို ကြောင်တောင်တောင်တွေဖြစ်နေတယ်။ စကားမေးလည်းမရဘူး ။ လားရှိုးမှာ အလုပ်ပေးမယ်ဆိုပြီး ခေါ်လို့ လိုက်သွားတယ်လည်း ပြောတယ်။ ကျောင်းသားတွေပါ။ အလုပ်လည်းမခိုင်းပါဘူး။ ဆေးကျွေးပြီး ခေါ်သွားသလိုလိုလည်း ပြောတယ်။ ဘာပဲဖြစ်ဖြစ် ပြန်လည်းတွေ့ပြီမို့ ဘာအမှုမှ မဖွင့်ပါဘူး။ ခေါ်သွားတဲ့သူကိုလည်း သူတို့လည်း မမှတ်မိဘူး။ ပါသွားတဲ့ လက်ကိုင်ဖုန်း၊ ဆိုင်ကယ် ဘာတစ်ခုမှလည်း မပျောက်ပါဘူး။ ကြောင်ကြောင်တောင်တောင် ဖြစ်နေတာ တစ်ခုကလွဲရင် ကလေးတွေလည်း ကျန်းမာရေးကောင်းပါတယ်။ လမ်းဘေးလည်း တစ်ည အိပ်ခဲ့ရတယ် ပြောတယ်။ ဖြန့်ကျက်ရှာဖွေလို့ မလွတ်လို့ပဲ ထားခဲ့သလား။ ဘယ်လိုလဲတော့ မပြောတတ်ပါဘူး” လို့ ဦးလေးတော်စပ်သူက ပြောပါတယ်။