MT News
၄. ၇. ၂၀၂၃
ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန အောက်ရှိ ဆေးတက္ကသိုလ်များမှ အလုပ်သင်ဆရာဝန် စုစုပေါင်း ၆၀၄ ဦးသည် ၂၀၂၃ ခုနှစ် ဇူလိုင်လမှ စတင်၍ သင်ကြားရေးဆေးရုံကြီးများတွင် အလုပ်သင်ဆရာဝန်အဖြစ် တစ်နှစ်တိတိ တာဝန် ထမ်းဆောင်ကြမည်ဖြစ်ပြီး သင်တန်းကာလပြီးမြောက်ပါက လက်ထောက်ဆရာဝန်များအဖြစ် နိုင်ငံ့တာဝန်ကို ဆက်လက်ထမ်းဆောင်သွားကြမည်ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင် ၃ ရက်နေ့က ရန်ကုန်၊ မန္တလေးနှင့် မကွေးဆေးတက္ကသိုလ်ကြီးများတွင် အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်မည့်သူများကို ဂုဏ်ပြုကြိုဆိုပွဲများ ပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့တွင် မြောက်ဥက္ကလာပမြို့နယ် ဆေး တက္ကသိုလ်(၂)နှင့် မွန်းလွဲပိုင်းတွင် လမ်းမတော်မြို့နယ်ရှိ ဆေးတက္ကသိုလ်(၁)တို့တွင် ကျင်းပသည်။
အဆိုပါ အခမ်းအနားများသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်၍ အမှာစကားပြောကြားရာတွင် ခံယူချက်မှန်ကန်စွာဖြင့် ကြိုးစားခဲ့ပြီး အလုပ်သင်ဆရာဝန်အဖြစ်သို့ ရောက်ရှိလာခြင်းကြောင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုရရှိမည်ဖြစ်သည့် အတွက် နိုင်ငံတော်နှင့်ဝန်ကြီးဌာနအတွက် အလွန်မင်္ဂလာရှိသည့် နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယ၊ စစ်မှန်သော ခံယူချက်၊ ယုံကြည်ချက်၊ ခိုင်မာသော စိတ်ဓာတ်တို့ဖြင့် မဆုတ်မနစ် ကြိုးစားအားထုတ်မှုကြောင့်သာ ယခုကဲ့သို့ အလုပ်သင်ဆရာဝန်အဖြစ်သို့ ရောက်ရှိလာခြင်း ဖြစ်သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် အသိအမှတ်ပြု ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားပေးခဲ့သည်။
ထို့ပြင် အလုပ်သင်ဆရာဝန်များအနေဖြင့် တာဝန်ကျရာဒေသရှိ ပြည်သူများ၏ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ရန်တိုက်တွန်းလိုကြောင်း၊ ယနေ့အချိန်အထိ ဆေးပညာရှင် ဆရာဝန် ၄၇၃၃၇ ဦး၊ သွားဘက်ဆိုင်ရာ ဆရာဝန် ၅၄၃၇ ဦး၊ ဆေးဝါးပညာရှင် ၄၂၂၂ ဦး၊ ဆေးဘက်ဆိုင်ရာနည်းပညာရှင် ၄၅၂၉ ဦး၊ သူနာပြု သိပ္ပံဘွဲ့ရ ၉၄၉၆ ဦးနှင့် အခြေခံကျန်းမာရေးပညာ၂၃၆၆ ဦးတို့ကို မွေးထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။
ထို့အတူ ဘွဲ့လွန် သင်တန်းများကို ၁၉၆၄ ခုနှစ်မှစ၍ ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်တွင် ဒီပလိုမာ၊ မဟာသိပ္ပံနှင့် ပါရဂူ ဘွဲ့လွန်သင်တန်းအမျိုး ၁၄၀ ကိုဖွင့်လှစ်ပို့ချပေးလျက် ရှိရာ အလုပ်သင်ဆရာဝန်ကာလ ပြီးဆုံးပါက လက်ထောက်ဆရာဝန်များအဖြစ် နိုင်ငံ့တာဝန်များကို ဆက်လက်ထမ်းဆောင်ကြရမည်ဖြစ်ပြီး နိုင်ငံ့တာဝန်ထမ်းဆောင်ကြသည့် လက်ထောက်ဆရာဝန်များအတွက် လုပ်သက်သတ်မှတ်ချက်မရှိဘဲ တက်ရောက်နိုင်သော ဘွဲ့လွန်သင်တန်း ၁၁ မျိုးကိုလည်း ဝင်ရောက်ဖြေဆိုခွင့်ရရှိမည်ဖြစ်သည့်အတွက် အလုပ်သင်ဆရာဝန်ကာလတစ်လျှောက် အချိန်ကို အကျိုးရှိအောင် ကြိုးစားသွားကြရန် တိုက၊ နိုင်ငံတော်၏ကျေးဇူးကို ယုံကြည်ချက်၊ ခံယူချက်၊ ခိုင်ခိုင်မာမာဖြင့် ကျေးဇူးဆပ်နိုင်သော အဖိုးတန် နိုင်ငံသားကောင်းရတနာများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ဒေါက်တာသက်ခိုင်ဝင်းက မှာကြားသည်။
၂၀၂၁ ခုနှစ် နိုင်ငံရေးအကျပ်အတည်းတွင် ဆရာဝန်များဦးဆောင်၍ CDM ပြုလုပ်ခဲ့ကြပြီး ဆေးရုံအများစုကို ပိတ်သိမ်းကာ တက်ရောက်ကုသမှုခံယူနေသော လူနာများစွာနှင့် အရေးပေါ်လူနာများစွာကို ပြန်လွှတ်ခဲ့သဖြင့် ပြည်သူများစွာ နစ်နာသေဆုံးခဲ့ရပြီး ထိုအချိန်မှစတင်၍ နိုင်ငံပိုင်ဆေးရုံကြီးများမှာ လည်ပတ်နိုင်မှုအားနည်းခဲ့ရသည်။ လက်ရှိအချိန်တွင် CDM လုပ်သွားသူအဖြစ်မှ နိုင်ငံ့တာဝန်ပြန်လည်ထမ်းဆောင်လာကြသူအရေအတွက် ထောင်ချီရှိနေပြီဖြစ်သော်လည်း အဓိကကျသော ပြည်သူ့ဆေးရုံကြီးများသည်ပင် အင်ပြည့်အားပြည့်မလည်ပတ်နိုင်၍ ထိုပြည်သူ့ဆေးရုံကြီးများကို အားပြုနေရသော သာမန်ပြည်သူများမှာ ကျန်းမာရေးကုသမှုခံယူရန် အခက်အခဲများစွာ ကြုံတွေ့နေရဆဲပင်ဖြစ်သည်။