၄. ၇. ၂၀၂၃
Written by Hey Mar
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ ၃၇လမ်း/ ၈၅-D လမ်းမှာ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦး၊ မူးယစ်ဆေးထိုးသွင်း အသုံးပြုနေချိန် ဆေးလွန်ကာ သေဆုံးခဲ့တဲ့ ဖြစ်စဥ် ဇူလိုင် ၃ ရက် ည ၉ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ မန္တလေးမြို့ခံ ပရဟိတအသင်းကနေ သိရပါတယ်။
အဆိုပါ အနီးအနားမှာနေထိုင်တဲ့ ရပ်ကွက်သူ ရပ်ကွက်သားတွေက တွေ့ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေဆီ ဆက်သွယ်အကြောင်းကြားခဲ့တာပါ။ တာဝန်ရှိသူတွေက ရုပ်အလောင်းကို သယ်ဆောင်ပေးဖို့ ပရဟိတအသင်းတွေကို ဆက်သွယ်ရာမှာ မဏီစလ လူမှူကူညီရေးအသင်းက သွားရောက်သယ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အသင်းမှ တာဝန်ရှိသူက “သေတဲ့သူက စျေးကြီးအနောက်က လူပါ။ အခုသူ့အလောင်းကိုတွေ့တဲ့ ၈၅ လမ်းမှာ နေတာမဟုတ်ဘူး။ ရေတွင်းကိုမှီပြီး ဆေးသုံးနေရာကနေ ဆေးလွန်သေတဲ့ပုံပါပဲ။ သူ့ဘေးမှာ ပိုက်တွေရော တွေ့ရတာ။ ကျွန်တော့်အသင်းက နိဗ္ဗာန်ယာဥ်နဲ့ မန္တလေး ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ပေးခဲ့ပါတယ်” လို့ MT News ကို ပြောပါတယ်။