၄. ၇. ၂၀၂၃
Written by Naing Thuta
HELLO မိုဘိုင်းဖုန်းဆိုင်၌ Power Bank အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှု အမရပူရမြို့နယ်တွင် ယမန်နေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း တိုင်းမီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်၊ စစ်ကိုင်း-မန္တလေးကားလမ်းဘေးရှိ အသက် ၇၄ နှစ်အရွယ်အမျိုးသားတစ်ဦးပိုင်ဆိုင်သည့် HELLO မိုဘိုင်ဖုန်းဆိုင်တွင် ယမန်နေ့(ဇူလိုင် ၃ ရက်နေ့)မွန်းလွဲ ၁၂ နာရီခန့်က ဖုန်းဆိုင်အပေါ်ထပ်အိပ်ခန်းအတွင်း၌ Power Bank အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ကျွမ်းရာသို့ တိုင်းမီးသတ်ဦးစီးအဖွဲ့မှဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့မှ အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၁၂ နာရီ ၂၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၂ နာရီ ၃၃ မိနစ်တွင် မီးလုံးဝငြိမ်းသွားကြောင်း သိရသည်။
ယင်းမီးလောင်မှုကြောင့် ဖုန်းဆိုင်အပေါ်ထပ်ရှိ အိပ်ခန်းနှင့်အိပ်ခန်းအတွင်းရှိ အသုံးအဆောင်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုကာလတန်ဘိုးမှာ ၅ သိန်းကျပ်ဖြစ်ကြောင်းနှင့် လျှပ်စစ်မီးအား ပေါ့ဆစွာအသုံးပြုခဲ့သည့်အတွက် ဖုန်းဆိုင်ပိုင်ရှင်အား အမရပူရမြို့နယ်ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်းလည်း သိရသည်။