၄. ၇. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ဖီလာဒယ်လ်ဖီးယားပြည်နယ်၊ အနောက်တောင်ပိုင်းတွင် ဇွန်လ ၃ ရက် ညနေပိုင်းက ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူလေးဦးသေဆုံးခဲ့ပြီး အသက်နှစ်နှစ်နှင့် ၁၃ နှစ်စီရှိသော ကလေးနှစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က အဆိုပါပစ်ခတ်မှုနှင့်စပ်လျဉ်း၍ လူနှစ်ဦးကို ဖမ်းဆီးထားကြောင်း သတင်းစာရှင်းပွဲတွင် ပြောကြားခဲ့သည်။ တစ်ဦးမှာ ပစ်ခတ်မှုကျူးလွန်သူဟု ရဲတပ်ဖွဲ့က အဓိက ယုံကြည်ထားကာ အခြားတစ်ဦးမှာလည်း ပြန်လှန်ပစ်ခတ်မှုများပြုခဲ့သူဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ ၎င်းတို့ထံမှ AR ရိုင်ဖယ်သေနတ်တစ်လက်၊ လုပ်သေနတ်တစ်လက်၊ ကျည်ကာအင်္ကျီတစ်ခု၊ကျည်ကပ်များနှင့် စကင်နာတစ်ခုတို့ကိုပါ ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်။
သေဆုံးသူလေးဦးအနက်သုံးဦးမှာ အသက် ၂၀ မှ ၅၉ နှစ်အထိရှိကြပြီး စတုတ္ထမြောက်တစ်ဦးမှာမူ လောလော ဆယ် ၎င်း၏အသက်ကို အတိအကျမပြောကြားနိုင်သေးဟုလည်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။ အဆိုပါပစ်ခတ်မှု ဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံထောက်များအနေဖြင့်လည်း လတ်တလောမပြောကြားနိုင်သေးကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုတွင် ၂၀၂၃ ခုနှစ်အတွင်း လူအစုလိုက်အပြုံလိုက်ပစ်ခတ်မှု အနည်းဆုံး ၃၄၀ မှုရှိသွားပြီဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်တွင်လည်း ၆၄၇ မှုဖြစ်ပွားခဲ့ကြောင်း Gun Violence Archive ၏ ဇူလိုင်လ ၃ ရက်ထိ မှတ်တမ်းများအရ သိရသည်။
Ref—-CNN