၄. ၇. ၂၀၂၃
Written by Min Mahar
လယ်ကွင်းထဲတွင် စပါးရိတ်သူများကို လုံခြုံရေးဆောင်ရွက်ပေးနေသော ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးသည် PDFအဖွဲ့မှထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရှိမှု ရွှေဘိုမြို့နယ်တွင် ယမန်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင် ၃ ရက် မနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ခွန်တောင်းကြီးကျေးရွာနှင့် ညောင်ကန်ကျေးရွာအကြားရှိ ဆက်သွယ်ရေးလမ်း၊ ညောင်ကန်ကျေးရွာအနီးရှိ လယ်ကွင်းထဲတွင် စပါးရိတ်သူများအား လုံခြုံရေးဆောင်ရွက်ပေးနေသော အသက် ၃၈ နှစ်အရွယ်နှင့် အသက် ၅၀ နှစ်အရွယ် ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးသည် PDF အဖွဲ့မှထောင်ထားသော လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာများရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ရွှေဘိုမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် အသက် ၃၈ နှစ်အရွယ် အမျိုးသားတွင် ယာလက်မောင်း မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ ယာလည်ပင်း မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)နှင့်အသက် ၅၀ အရွယ်အမျိုးသားတွင်မူ ကျောကုန်းယာဘက်ခြမ်း မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ ဝဲ/ယာတင်ပါးကိုလည်း မိုင်းစထိမှန်ဒဏ်ရာ ၁ ချက် (စိုးရိမ်ရ)တို့ အသီးသီးရရှိခဲ့ကြောင်း သိရသည်။