၄. ၇. ၂၀၂၃
Translated by Htwe Ko Tun
ကျင်းပပြီးစီးခဲ့သော ထိုင်းနိုင်ငံရွေးကောက်ပွဲတွင် မဲအများဆုံးရခဲ့သော နိုင်ငံရေးပါတီနှစ်ခုဖြစ်သည့် Move Forward Party (MFP) ပါတီနှင့် ဖျူထိုင်းပါတီတို့အကြား ဇူလိုင်လ ၃ ရက်တွင် ၂၆ ကြိမ်မြောက် ထိုင်းနိုင်ငံ၏ အောက်လွှတ်တော်စတင်ချိန်အထိ သဘောတူညီမှုမရခဲ့သော အောက်လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက်အငြင်းပွားမှုကို ဇူလိုင်လ ၃ ရက်ညတွင် သဘောတူဖြေရှင်းနိုင်ခဲ့ပြီဟု MFP ခေါင်းဆောင် ပီတာ လင်ဂျာရွန်နတ်က ဇူလိုင်လ ၄ ရက် နံနက်ပိုင်းတွင်ပြုလုပ်သော သတင်းစာရှင်းပွဲတစ်ရပ်၌ ပြောခဲ့သည်။
ထိုသဘောတူညီချက်အရ ရှစ်ပါတီ မဟာမိတ်အုပ်စုဝင်လည်းဖြစ်သော Prachachat Party ပါတီခေါင်းဆောင် မစ္စတာ ဝန် မူဟာမတ် နော်မာသာကို အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် အဆိုပြုရန် MFP နှင့် ဖျူထိုင်း နှစ်ပါတီစလုံးက သဘောတူခဲ့ကြပြီး ၎င်းတို့နှစ်ပါတီက အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ နေရာနှစ်ခုကို တစ်နေရာစီယူကြမည်ဖြစ်သည်ဟု ပီတာက သတင်းစာရှင်းပွဲ၌ ပြောကြားခဲ့သည်။ MFP ကအောက် လွှတ်တော် ပထမဒုတိယဥက္ကဋ္ဌနေရာနှင့် ဖျူထိုင်းပါတီက အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌနေရာတို့ ကို ရရှိကြမည်ဟု ၎င်းကဆိုခဲ့သည်။
ရှစ်ပါတီမဟာမိတ်အုပ်စု တွင်ပါဝင်သော အခြားခြောက်ပါတီကလည်း Prachachat Party ပါတီခေါင်းဆောင် မစ္စတာ ဝန် မူဟာမတ် နောမာသာကို အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် အဆိုပြုရန်သဘောတူခဲ့ခြင်းကို လက်ခံခဲ့ကြသဖြင့် ရွေးကောက်ပွဲတွင် မဲအများဆုံးရပါတီကြီးနှစ်ခုအကြား အငြင်းပွားနေရသည့် လိပ်ခဲတည်းလည်းအခြေအနေတစ်ခုက ပြေလည်သွားပြီဖြစ်သည်။
အဆိုပါ သဘောတူညီချက်က ၎င်းကို ဝန်ကြီးချုပ်အဖြစ်အဆိုပြုကြမည့် မဟာမိတ်ရှစ်ပါတီ၏ ညီညွတ်မှုကိုပြသသော အကောင်းဆုံးလုပ်ရပ်ဟုလည်း ပီတာက ပြောခဲ့သည်။ ထို့ပြင် ပီတာက ၎င်းတို့၏နိုင်ငံရေးအယူအဆများကိုဖော်ပြမှုကြောင့် တရားစွဲခံရသောပြည်သူများကိုခွင့်လွှတ်ရန်နှင့် စစ်အုပ်ချုပ်ရေးနှင့် ပြည်တွင်းလုံခြုံမှုဆိုင်ရာတို့ ပါဝင်သော လက်နက်ကိုင်တပ်ဖွဲ့များ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဥပဒေ များကို MFP နှင့် ဖျူထိုင်းတို့က ပြင်ဆင်သွားမည်ဟုပြောခဲ့သည်။
မကြာသေးမီရက်များအထိ ဖျူထိုင်းပါတီက အောက်လွှတ်တော်ဥက္ကဋ္ဌနေရာကို ၎င်းတို့ပါတီကသာ ရသင့်ကြောင်း အခိုင်အမာရပ်တည်ခဲ့ရာ ၎င်းတို့နှစ်ပါတီအကြား မဖြေရှင်းနိုင်သောပြဿနာတစ်ရပ် ဖြစ်နေခဲ့သေးသည်။
အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် အဆိုပြုရန် မဟာမိတ်ရှစ်ပါတီက သဘောတူခဲ့သည့် Prachachat Party ပါတီခေါင်း ဆောင် မစ္စတာ ဝန် မူဟာမတ် နော်မာသာက ၎င်းအနေဖြင့် အဆိုပါနေရာကို ရယူလိုခြင်းမရှိခဲ့ကြောင်း၊ သို့သော် ၎င်းက ထိုနေရာအား ရယူတာဝန်ထမ်းဆောင်မှုက မဟာမိတ်အဖွဲ့အတွက် အစိုးရသစ်ဖွဲ့နိုင်ရန် အထောက်အကူပြု အာမခံနိုင်မည်ဆိုလျှင် အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောခဲ့သည်။ မစ္စတာ ဝန် မူဟာမတ် နော် က ဖျူထိုင်းပါတီဝင်အဖြစ် ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ပါဝင်ခဲ့သေး ကြောင်းလည်းသိရသည်။
အောက်လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက် အငြင်းပွားမှုကို ဖြေရှင်းနိုင်သော MPT ပါတီခေါင်းဆောင် ပီတာမှာ ၎င်း၏ မျှော်မှန်းချက်အတိုင်း ဝန်ကြီးချုပ်ဖြစ်ရေးအတွက် ယနေ့ ဇူလိုင်လ ၄ ရက်တွင် ကျင်းပမည့် ထိုင်းအမျိုးသားလွှတ်တော်တွင် အထက်လွှတ်တော်အမတ်များ၏ ထောက်ခံမဲရရှိရေးအခက်အခဲကို ထပ်မံကျော်လွှားရအုံးမည်ဖြစ်သည်။
Ref—- Bangkok Post