၂၄. ၁၀. ၂၀၂၂
Written by Nay Moe
၁။
မြန်မာ့သမိုင်းမှာ စီးပွားရေးအဖွံ့ဖြိုး အတိုးတက်ဆုံးလို့ လုပ်လို့ကိုင်လို့ အကောင်းဆုံးကာလလို့ လုပ်ငန်းရှင်တွေ အများစုလက်ခံထားကြတဲ့ ဦးသိန်းစိန်အစိုးရကာလ ၂၀၁၁ – ၂၀၁၆ ဟာ FATF (Financial Action Task Force) က မြန်မာနိုင်ငံကို Blacklist သွင်းထားတဲ့ကာလပါ။
အောက်တိုဘာ ၂၁ ရက်မှာ သမိုင်းတကျော့ပြန်ပြီး FATF က မြန်မာနိုင်ငံကို Blacklist ထပ် သွင်းလာပြန်ပါတယ်။ ဒါကလည်း NLD အစိုးရဟောင်းလက်ထက်ကတည်းက ဘင်္ဂါလီကိစ္စနဲ့ တရားစွဲခံထားရတဲ့၊ လူမျိုးတုန်းသတ်ဖြတ်တဲ့နိုင်ငံလို့ သတ်မှတ်ထားတဲ့၊ စစ်တပ်က အာဏာသိမ်းတယ်ဆိုပြီး တစ်နိုင်ငံလုံးထကြွတော်လှန်နေလို ပြည်သူပေါင်းများစွာ အသက်အိုးအိမ်စည်းစိမ်ပျက်စီးနေတဲ့၊ ကမ္ဘာကရန်သူလို့သတ်မှတ်ခံနေရတဲ့ ရုရှားလိုနိုင်ငံမျိုးနဲ့ ဆက်ဆံရေးကောင်းထူထောင်နေတဲ့၊ စီးပွားရေးပိတ်ဆိုမှုတွေ ခံနေရတဲ့ နာမည်ပျက်ပြီးသားနိုင်ငံတစ်ခုအတွက်တော့ ထူးပြီးမဆန်းတဲ့ ဖြစ်ရပ်ပါ။
ပြောရမယ်ဆိုရင်လည်း မြန်မာကလုပ်ငန်းရှင်တွေအတွက်တော့ ပြည်ပကုန်သွယ်မှုတချိုမှာ စာရွက်စာတမ်းအစစ်အဆေးခံရတာမျိုး နည်းနည်းပိုလာတာကလွဲရင် FATF က အကျိုးသက်ရောက်မှာမဟုတ်သလို ဦးသိန်းစိန်လက်ထက် FATF Blacklist ကာလတင်မက ဦးသန်းရွှေလက်ထက်တုန်းကတောင် စင်ကာပူ၊ မလေးရှား၊ ဟောင်ကောင်၊ တရုတ်၊ ထိုင်း စတဲ့နိုင်ငံတွေ တစ်ဆင့်ခံပြီး ပို့ကုန်သွင်းကုန်လုပ်လာပြီး ချမ်းသာလာတဲ့ မြန်မာလုပ်ငန်းရှင်တွေအတွက်တော့ ဒီအခက်အခဲက ပမွှားပါ။
ဒါပေမဲ့ မြန်မာ့စီးပွားရေးသမိုင်းကိုလည်း မသိ။ မြန်မာလုပ်ငန်းရှင်တွေက စစ်အုပ်ချုပ်ရေးကာလ၊ LDC ကာလ၊ FATF Blacklist ကာလ၊ အမေရိကန်နဲ့ EU က စီးပွားရေးပိတ်ဆို့မှုပြုလုပ်ထားတဲ့ ကာလတွေမှာ ဘယ်လိုကုန်သွယ်လာခဲ့ကြတယ်ဆိုတာ နားမလည်ဘဲ စစ်အစိုးရကိုမုန်းတယ်ဆိုတဲ့ အမြင်တစ်ခုနဲ့တင် နိုင်ငံ့စီးပွားရေးကြီး အခုပဲပျက်တော့မလို လုပ်ပြီး ဝမ်းသာအားရဖြစ်နေကြ၊ ဒေါ်လာစျေး၊ ရွှေစျေးတွေ လျှာအရိုးမရှိတိုင်း တွေ့ရာစျေးခေါ်ဆွဲတင်နဲ့ ကိုယ့်နိုင်ငံပျက်သုဥ်းဖို့ ရေနစ်ရာဝါးကူထိုးနေတဲ့ ရွံစရာလုပ်ရပ်တွေ လုပ်ကြတာကိုလည်း စိတ်ပျက်ဖွယ်ရာတွေ့မြင်ရပြန်ပါတယ်။
ဒီလိုပြောလို့ FATF ရဲ့ အရေးယူမှုက ဘာအခက်အခဲမှ မရှိဘူးလားဆိုတော့လည်း မဟုတ်ပါဘူး။ အခက်အခဲတော့ရှိပါတယ်။ ဒါပေမဲ့လည်း နိုင်ငံအကျပ်အတည်းတွေ့တိုင်း ကုန်စျေးနှုန်းဆွဲတင်ပြီး ခေတ်ပျက်သူဌေးဖြစ်အောင်လုပ်ချင်ကြတဲ့ ဝိသမလောဘသားတွေရဲ့ ရွှေစျေး၊ ဒေါ်လာစျေး၊ မြေစျေး၊ ကုန်စျေးနှုန်းတွေ ဝုန်းကနဲဆွဲတင်ရလောက်အောင်တော့ အခြေအနေမဆိုးတာ သေချာပါတယ်။
“FATF Blacklist က လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း မပါတဲ့နှစ်က အတော်ခပ်ရှားရှားရယ်။ ကိုယ်တွေက ဒီထက်အများကြီးဆိုးတဲ့ Blacklist မျိုးစုံနဲ့ ခေတ်မှာ အထည်ချုပ်လုပ်ပြီး သူဌေးဖြစ်လာတာ။ ဒါတောင်အဲဒီအချိန်က ကမ္ဘာ့အရေးအကြီးဆုံး ကုန်စည်ဖြစ်တဲ့ ရေနံက ဒေါ်လာနဲ့ပဲဝယ်လို့ရနေချိန်။ အခုဆို ရေနံနဲ့လောင်စာဆီကို ဒေါ်လာအပြင် တရုတ်ယွမ်၊ ရုရှားရူဘယ်လ်နဲ့ အိန္ဒိယရူပီးတို့နဲ့ပါဝယ်လို့ရသွားတာကြောင့်ရယ်၊ မြန်မာက နောက်ပိုင်း လောင်စာဆီ ပေးချေမှုအားလုံး ယွမ်နဲ့ လုပ်တော့မှာကြောင့်ရယ်၊ နောက်တစ်ချက်မြန်မာပြည် ဒေါ်လာဈေးက ရွှေနဲ့ ချိတ်ဆက်ထားတာကြောင့် အစိုးရအနေနဲ့ ရွှေကို လိုသလောက် ပမာဏကို လိုသလို ကစားနိုင်တာကြောင့်ရယ် ဘာဆို ဘာမှကို မဖြစ်ပါဘူး။ အထည်ချုပ် ပိုင်ရှင်အများစုဆိုတာ ကမ္ဘာပတ်ပြီး စီးပွားရှာနေတဲ့ သူတွေပါ။ ငွေအဝင်အထွက်လမ်းကြောင်းတွေ ဘယ်လို Bypass လုပ်ရမယ်ဆိုတာ နောကြေပြီးသား။ ဒါပေမဲ့ အကျိုးဆက်သုံးခုတော့ရှိမယ်။ လောလောဆယ် အချ်ိန်တိုအတွင်းမှာ ဒေါ်လာဈေးအမြင့်နဲ့ ပိုက်ဘောမိထားတဲ့လူတွေ အကြောက်လွန်တဲ့လူတွေကို ဂျင်းပြန်ထည့်ဖို့အချိန်တစ်ခု (Windows Period) အတွင်းဈေးပြန်လှုပ်လို့ရသွားမယ်။ ကိုယ့်ဟာကိုယ် လည်လှပြီထင်ပြီး စင်ကာပူတို့ ထိုင်းတို့မှာ ကုမ္ပဏီနဲ့အကောင့်တွေဖွင့် Away Money ကစားမယ်ဆိုတဲ့သူတချို့ အခက်ကြုံမယ်။ တကယ်လုပ်တတ် ကိုင်တတ်တဲ့လူတွေ အထည်ချုပ်တွေ စီးပွားပိုဖြစ်မယ်။ ကျန်တာကတော့ဘာမှမထူးပါဘူး”လို့ အထည်ချုပ်နဲ့ ဟိုတယ်လုပ်ငန်းရှင် ဒေါက်တာမင်းမင်းက သူ့အမြင်ကို ပြောပါတယ်။
၂။
အပြည်ပြည်ဆိုင်ရာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (FATF) ရဲ့ Blacklist ဟာ နေ့ချင်းညချင်း မြန်မာ့စီးပွားရေးပြိုကျစေချင်သူတွေ မျှော်မှန်းသလောက် မဆိုးဘူးဆိုပေမဲ့ ဘာအခက်အခဲတွေ ဖြစ်လာနိုင်လဲဆိုရင်တော့ သူကန့်သတ်တာတွေ ကြည့်ရပါလိမ့်မယ်။
FATF ဟာ ဘာကြောင့် Blacklist သွင်းတာလဲဆိုရင် မြန်မာနိုင်ငံဟာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့တာနဲ့ပတ်သက်ပြီး လုပ်ဆောင်ရမဲ့ ကတိကဝတ်တွေ မလုပ်နိုင်ခဲ့လို့ပါ။ ဒါကလည်း ဆန်းတော့မဆန်းပါဘူး။ အရင်ကလည်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ လောက်၊ ARSA လို ဘင်္ဂါလီအကြမ်းဖက်အဖွဲ့အစည်းရှိနေတဲ့နိုင်ငံမှာ SAC ကို တော်လှန်ဖို့ စစ်ဦးစီးချုပ်ရာချီပေါ်လာပြီး PDF၊ LPDF၊ ပကဖအဖွဲ့ပေါင်း ၅၀၀ ကျော် ရှုပ်ယှက်ခတ်နေတဲ့ နိုင်ငံမှာ ဒီလက်နက်ကိုင်တွေအတွက် လိုအပ်နေတဲ့ ငွေကြေးတွေရဲ့ ၉၅ ရာခိုင်နှုန်းလောက်က မူးယစ်ဆေးနဲ့ မှောင်ခိုကုန်သွယ်မှုတွေက လာနေပြီး ၅ ရာခိုင်နှုန်းလောက်ကပဲ လူထုအလှုကလာတာပါ။ ဒါ့အပြင် SAC ကို တိုက်ခိုက်ဖို့ဝယ်နေတဲ့ အမေရိကန်၊ တူရကီစတဲ့နိုင်ငံတွေက လက်နက်တွေကလည်း အိမ်နီးချင်းနိုင်ငံတွေကနေတစ်ဆင့် မှောင်ခိုဝင်နေတာပါ။
လက်နက်ကိုင်တွေ သူတလူ ငါတစ်မင်းဖြစ်လာပြီး လက်နက်ကိုင်ဂိတ်ပေါင်းစုံက ဆက်ကြေးကောက်ပြီး မူးယစ်ဆေးဖြန့်၊ လက်နက်တွေသွင်း၊ ပြည်သူထောင်ချီကို ဒလန်၊ သူလျှို၊ သူပုန်ဆိုပြီး စွပ်စွဲသတ်ဖြတ်နေတဲ့ နိုင်ငံတစ်ခုဟာ FATF ရဲ့ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့တာ၊ လူသူအများအပြားကို သေကျေစေတဲ့ လက်နက်တွေအတွက် ငွေကြေးထောက်ပံ့တာတွေ သိသာမြင်သာဖြစ်နေတာမို့လို့ Blacklist မှာ ဆယ်ခါလောက် ဝင်သင့်တယ်လို့လည်း ပြောရမှာပါ။
ကျွန်တော်တို့ဟာ ပြည်သူတစ်ယောက်ကို လွယ်လွယ်သတ်ဖို့ လူသိရှင်ကြား ကျည်ဆံဖိုး၊ ဗုံးဖိုး၊ သေနတ်ဖိုးအလှုခံနေတာကို အားတက်သရောလှူပြီး လူတွေအသတ်ခံရတာကို ပျော်နေတဲ့ နိုင်ငံမှာ နေနေရတာ မဟုတ်လား။
ဒါကြောင့်လည်း FATF က မြန်မာနိုင်ငံအနေနဲ့ (၁) အဓိကနယ်ပယ်တွေမှာ ငွေကြေးခဝါချမှုတွေ ဖော်ပြဖို့ ပျက်ကွက်တာ၊ (၂) အတွင်းအပြင်စစ်ဆေးခြင်းတွေက ဘေးအန္တရာယ်မြင့်မားစေမှုနဲ့ ဟွန်ဒီ ငွေကြေးလုပ်ငန်းရှင်တွေကို ကြီးကြပ်မှုထားမှု ဖော်ပြဖို့ ပျက်ကွက်တာ၊ (၃) LEA စုံစမ်းစစ်ဆေးမှုတွေမှာ ငွေကြေးထောက်လှမ်းမှု အသုံးပြုမှုကို ဖော်ပြဖို့ပျက်ကွက်တာ၊ (၄) ငွေကြေးခဝါချမှုကို စုံစမ်းစစ်ဆေးဖို့ သေချာမှုမရှိတာ၊ (၅) နိုင်ငံတကာအဖွဲ့အစည်းတွေကို ငွေကြေးခဝါချမှုကိစ္စတွေ စုံစမ်းစစ်ဆေးမှုကိုဖော်ပြဖို့ ပျက်ကွက်တာ၊ (၆) နိုင်ငံတော် ဘဏ္ဏာအဖြစ်သိမ်းယူတဲ့ ပြစ်မှုဆိုင်ရာငွေကြေးအမြတ်အစွန်းတွေ ပစ္စည်းတွေနဲ့ တန်ဖိုးတူညီတဲ့ မြေယာအဆောက်အဦတွေ တိုးလာတာကိုဖော်ပြဖို့ ပျက်ကွက်တာ၊ (၇) နိုင်ငံတော်ဘဏ္ဏာအဖြစ် သိမ်းဆည်းရမိပစ္စည်းတွေရဲ့ တန်ဖိုးကိုထိန်းသိမ်းဖို့၊ သိမ်းဆည်းရမိအဖိုးတန်ပစ္စည်းတွေကို စီမံခန့်ခွဲဖို့ ပျက်ကွက်တာ၊ (၈) PF နဲ့ သက်ဆိုင်တဲ့ ငွေကြေးပိတ်ဆို့မှုတွေကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ပျက်ကွက်တာ စတဲ့ ကိုင်တွယ်ဖြေရှင်းရမဲ့ အရေးယူဆောင်ရွက်ချက်တွေ ဆက်လက်အကောင် အထည်ဖော်လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့တာ တွေ့ရပါတယ်။
ဒီတိုက်တွန်းချက်တွေ မလုပ်နိုင်မှသာ FATF ရဲ့ Blacklist က အသက်ဝင်မှာဖြစ်လို့လည်း FATF ရဲ့ အရေးယူမှုက အီရန်နဲ့ မြောက်ကိုရီးယားလိုတန်းတူမဟုတ်ဘူးဆိုတာကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြန်ရှင်းခဲ့ပါတယ်။ FATF ဥက္ကဋ္ဌ ပြောဆိုချက်အရ မြန်မာနိုင်ငံကို တိုးမြှင့်စောင့်ကြည့်ခွင့်ရှိတဲ့ နိုင်ငံနဲ့ ဒေသများစာရင်း (Jurisdictions under increased monitoring) မှာ စိစစ်ဆောင်ရွက်မှုပြုလုပ်ဖို့ တောင်းဆိုခြင်းခံရတဲ့ အန္တရာယ် မြင့်မားမှုရှိတဲ့ နိုင်ငံနဲ့ ဒေသများစာရင်း(High-Risk Jurisdictions subject to a Call for Action) ကို ပြောင်းရွှေ့ထည့်သွင်းခံရပေမဲ့လည်း လက်ရှိ Blacklist က မြောက်ကိုရီးယားနိုင်ငံနဲ့ အီရန်နိုင်ငံတို့လို FATF အဖွဲ့ဝင်နိုင်ငံတွေနဲ့ အခြားနိုင်ငံတွေက တိုးမြှင့်အရေးယူဆောင်ရွက်မှုပြုလုပ်ဖို့ တောင်းဆိုခံရတဲ့ နိုင်ငံနဲ့ဒေသများစာရင်း (Jurisdictions subject to a FATF call on its members and other jurisdictions to apply countermeasures) ကို ထည့်သွင်းလိုက်ပြီး တန်းတူအရေးယူဆောင်ရွက်ခံရတဲ့ အဆင့်မျိုး မဟုတ်ဘူးလို့ ဗဟိုဘဏ်က ဆိုပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတွေဟာ FATF က ထုတ်ပြန်တဲ့ အကြံပြုချက် ၄၀ ကို လိုက်နာရပြီး အဲဒီအကြံပြုချက် ၄၀ဟာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး(Anti Money Laundering-AML)၊ အကြမ်းဖက်မှုကိုငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေး (Countering the Financing of Terrorism-CFT) နဲ့ လူအများအပြား သေကျေစေနိုင်တဲ့ လက်နက်များပြန့်ပွားစေရေး ငွေကြေးထောက်ပံ့မှုအပေါ် ဘဏ္ဍာရေးအရပစ်မှတ်ထားအရေးယူဆောင်ရွက်ရေး (Targeted Financial Sanction of Proliferation) စတဲ့အချက်တွေပါ။
အဲဒီအချက် ၄၀ မှာ အချက် ၂၀ ကျော်ကို မြန်မာနိုင်ငံက သတ်မှတ်ကာလအတွင်း မဆောင်ရွက်နိုင်လို့ Blacklist မှာ အထည့်ခံရတာပါ။ ဒါပေမဲ့ လက်ရှိမှာတော့၂၄ ချက်ပြီးစီးထားပြီဖြစ်သလို တစ်နှစ်အတွင်း Blacklist က လွတ်ဖို့ Action Plan တွေလည်း ရေးဆွဲပြီးပြီလို့ ဆိုပါတယ်။
အဲဒီ Blacklist အတွက် အဓိကကြုံရမှာက ပြည်ပနဲ့ ငွေကြေးလွှဲပြောင်းမှု ပြုလုပ်ရာမှာ ပြည်ပအဆက်အသွယ် ဘဏ်တွေကအလေးထားစိစစ်မှု တိုးမြှင့်လုပ်ဆောင်တာ(Enhance Due Diligence-EDD) ကိုပဲ ကြုံကြရမှာဖြစ်လို့ သက်ဆိုင်ရာဘဏ်တွေအနေနဲ့ လက်ရှိဆောင်ရွက်နေကျမေးခွန်းတွေ မေးမြန်းခံရတာ၊ ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ အထောက်အထားအချက်အလက် တောင်းခံတာ စတဲ့ အချက်တွေကို အရင်လိုပဲ ဆက်လုပ်ရမှာပါ။
ဗဟိုဘဏ်က တုံ့ပြန်သလိုပါပဲ။ FATF ရဲ့ အရေးယူမှုဟာ မြောက်ကိုရီးယားတို့၊ အီရန်တို့လို ပြင်းထန်မှုမရှိဘူးဆိုတာကိုလည်း သူ့အရေးယူမှုမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေနဲ့ ပြည်ပရောက် မြန်မာရွေ့ပြောင်းအလုပ်သမားတွေရဲ့ လစာပြန်လွှဲငွေတွေအပေါ် ထိခိုက်မှုမရှိစေရဘူးလို့ ပြောခဲ့တဲ့အချက်ကိုကြည့်ရင် သိနိုင်မှာပါ။
“လက်ရှိ မြန်မာလုပ်ငန်းရှင်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က FATF Blacklist တွေ၊ စီးပွားရေးပိတ်ဆို့မှုတွေကြားထဲမှာ သူတို့လုပ်ငန်းတွေလည်ပတ်လာပြီး သူဌေးဖြစ်လာကြတာ။ ဒီအရေးယူမှုက နိုင်ငံ့အတွက်တော့ အီရန်၊ မြောက်ကိုရီးယားနဲ့ တစ်တန်းတည်းဖြစ်နေပြီဆိုပြီး တစ်ခါပြန်အပြောခံရတာကလွဲရင် သိက္ခာကျသွားတာကလွဲရင် ထူးခြားတဲ့အခက်အခဲတော့ မဟုတ်ပါဘူး။ ပြည်သူလူထုက အကြောက်မလွန်ဖို့၊ အစိုးရိမ်မလွန်ဖို့နဲ့ အစိုးရကထိန်းကျောင်းကိုင်တွယ်တတ်ရင် နောက်နှစ်မှာ ပြန်လွတ်မဲ့သဘောရှိပါတယ်”လို့ စီးပွားရေးပညာရှင်တစ်ဦးက မှတ်ချက်ပြုပါတယ်။
၃။
FATF က မြန်မာနိုင်ငံကို Blacklist သွင်းတာနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းကတော့ သူ့အမြင် ၁၁ ချက်ကို လူမှုကွန်ရက်မှာ ရေးခဲ့တာ တွေ့ရပါတယ်။ အဲဒီအချက်တွေက Singapore နဲ့ ပြည်ပနိုင်ငံတွေမှာ ကုမ္ပဏီနဲ့ ကိုယ်ပိုင် Bank Account ဖွင့်ထားသူတွေ၊ Digital Currencies Account ဖွင့်ထားသူတွေ ပိုပြီးသတိထားရမယ်လို့ ဆိုပါတယ်။ ခိုင်လုံတဲ့ စာရွက်စာတမ်း ( Invoice, BLs)မရှိဘဲငွေ Transfer လုပ်မယ်ဆို Bank Account ပိတ်တာတွေ ပိုပြီးဖြစ်လာနိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။ အရင်ကလည်း အလုပ်လုပ်တဲ့ Transaction များတဲ့ Company တွေရဲ့ ဘဏ် Account တွေပိတ်ခံထားရတာကနေ အခုတော့ ပိုပိတ်ခံရမှာဖြစ်သလို TTလွှဲတဲ့ငွေ USD တွေကို ကြားခံဘဏ်( Intermediate Bank) ကနေ Hold လုပ်တာ Freeze လုပ်တာခံရနိုင်တယ်လို့ သတိပေးပါတယ်။
ဟွန်ဒီ သမားတွေကလည်း တရားဝင်မဟုတ်တဲ့အတွက် Bank Account ငွေလွှဲပြောင်းတဲ့အခါ AML နဲ့ ငြိတဲ့အတွက် သတိထားဖို့လိုပြီး USD နဲ့ အခြား Currencies ငွေသား(Cash) ကတော့ အရင်ကလည်း တရားဝင်လမ်းကြောင်းကဝင်လာတာမဟုတ်တဲ့အတွက် အခုလည်း အရင်လိုပဲ တရားမဝင်လမ်းကြောင်းက ဆက်ဝင်ရောက်နေမှာလို့ ဆိုပါတယ်။ Export အတွက်ကတော့ EU ကို Payment with DP နဲ့ရောင်းသူတွေသတိထားရတော့မှာဖြစ်ပြီး ငွေပြန်မဝင်လာနိုင်တဲ့အခြေအနေဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ နှမ်းကတော့ တရုတ်၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ကို ယွမ်၊ ဘတ်နဲ့ဆက်သွားမှာဖြစ်ပြီး လောလောဆယ်လည်း ဘင်္ဂလားဒေ့ရှ်ကို တန် ၂ သိန်း( USD သန်း ၉၀၀ ကျော်)ဆန်ရောင်းရာမှာ တရုတ်ယွမ် ကိုသုံးထားတာတွေ့ရသလို
ပဲအမျိုးမျိုး၊ အထည်ချုပ်နဲ့ အခြားကဏ္ဍတွေကတော့ ဒေါ်လာနဲ့ အရောင်းအဝယ်ပြုနေတာပါ။ ဓာတ်ဆီ၊ ဒီဇယ်ဆီကတော့ Petrol China Company ကနေ ဝယ်နေပြီး ငွေပေးချေမှုကို တစ်ဝက်လောက်က တရုတ်ယွမ်နဲ့ပေးချေနေလို့ အခုဆိုရင် ရာနှုန်းပြည့်တရုတ်ယွမ်နဲ့ ပေးချေနိုင်မယ်လို့ ယူဆထားပြီး စားအုန်းဆီကတော့ ဒေါ်လာနဲ့ ပေးချေနေရပေမဲ့ တခြားငွေကြေးတွေလည်း သုံးလာနိုင်မယ်လို့ ခန့်မှန်းပါတယ်။
ဆေးအမျိုးမျိုးကတော့ ပင်လယ်ရေကြောင်းအပြင် ထိုင်း Transit နဲ့ ကုန်းလမ်းကနေလည်း ဝင်ရောက်တဲ့အတွက် ငွေပေးချေမှုကို ဒေါ်လာ၊ ထိုင်းဘတ်နဲ့ သုံးလို့ရနိုင်ပါတယ်။ အခြားသွင်းကုန်တွေကလည်း Thai Transit နဲ့ ဝင်ရောက်နေကြတာဖြစ်ပြီး Payment တွေကို Singapore က တင်းကြပ်မယ်ဆို ထိုင်းမှာ ကုမ္ပဏီထောင်ပြီး ထိုင်းဘဏ်တွေကိုပိုသုံးလာနိုင်လို့ အရင် နဝတခေတ်မှာ မြန်မာ့ငွေတွေက Singapore ဘဏ်မှာရှိနေပြီး Singapore အမြတ်ထွက်သလို အခု ထိုင်းဘဏ်တွေ အမြတ်ထွက်လာနိုင်တယ်လို့ ဆိုပါတယ်။
INGO တွေအနေနဲ့ ပြည်ပကနေငွေဝင်လို့ရနေမှာဖြစ်ပေမဲ့ Foreign Investment တွေကတော့ ဆက်သွားဖို့ ပိုခက်လာပါမယ်။ အထူးသဖြင့် အနောက်နိုင်ငံက ကုမ္မဏီတွေ Branded Company တွေကတော့ Blacklist နိုင်ငံမှာအလုပ် လုပ်ခြင်းဟာ ငွေကြေးခဝါချမှုမှာ ပါဝင်သလိုဖြစ်မှာစိုးလို့ ပြန်လည်ထွက်ခွာကြမှာဖြစ်ပြီး Export လုပ်ဖို့ခက်သလို Import လုပ်ဖို့ကလည်း ပိုပြီးခက်လာမှာဖြစ်ပေမဲ့ ဒါက Counter Measure လုပ်တဲ့အခါကြမှဖြစ်ပြီး အချိန်ရနေပါသေးတယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်လာပြီဆိုရင်လည်း တရုတ်၊ ထိုင်း၊ အိန္ဒိယနဲ့ ပိုအလုပ်လုပ်ကြမယ်လို့ ဒေါက်တာစိုးထွန်းက ဆိုပါတယ်။
“အရေးအကြီးဆုံးအနေနဲ့သိထားရမှာကတော့ မြန်မာနိုင်ငံအနေနဲ့တော့ ဒီလိုအလားတူစာရင်းမှာ ၂၀၁၁ ခုနှစ်၊ ဇွန်လကနေ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အလားတူနေခဲ့ဘူးတဲ့အတွေ့အကြုံရှိပါတယ်။ လက်ရှိအနေအထားရတော့ အလေးထားစိစစ်ခြင်းကို တိုးမြှင့်လုပ်ဆောင်ခြင်း ( Enhance Due Diligence-EDD) အဆင့်မှာသာ ရှိတဲ့အတွက် ငွေရေးကြေးရေး လွှဲပြောင်း ဆောင်ရွက်မှုတွေမှာ မေးခွန်းတွေပိုအမေးခံရတာ၊ အထောက်အထားအချက်အလက်တွေ ပေးရတာထက်မပိုပါဘူး။ ကျန်ရှိတဲ့ အကောင်အထည်ဖော်ဆောင်ရွက်မဲ့ အစီအမံ (Action Plan) ၁၁ ချက်ကို တိုးတက်မှုမပြနိုင်ခဲ့ရင်တော့ မြောက်ကိုရီးယား၊ အီရန်တို့ ရှိတဲ့ တိုးမြင့် အရေးယူဆောင်ရွက်ခြင်း ( Counter Measure) စာရင်းထဲ ရောက်သွားမယ်ဆိုရင်တော့ မှသာ စီးပွားဆက်ဆံဆောင်ရွက်မှုတွေမှာ အခက်အခဲဖြစ်သွားနိုင်ပါတယ်”လို့ ဒေါက်တာစိုးထွန်းက မှတ်ချက်ပြုထားပါတယ်။
၄။
မြန်မာနိုင်ငံကို FATF က အရေးယူမှုဟာ အချိန်တစ်နှစ်လောက်အကြာမှာ လက်ရှိဆောင်ရွက်ဖို့လိုအပ်နေတဲ့ အချက်တွေကို မလုပ်ဆောင်နိုင်မှဘဲ မြောက်ကိုရီးယားနဲ့ အီရန်တို့နဲ့ တစ်တန်းတည်းဖြစ်သွားမှာပါ။ အဲဒီအချိန်မှာလည်း Blacklist မျိုးစုံကို ကျော်ခွပြီး သူဌေးဖြစ်လာတဲ့ မြန်မာလုပ်ငန်းရှင်တွေအတွက်ကတော့ အေးအေးဆေးဆေးကျော်ဖြတ်သွားမဲ့ အခြေအနေမှာ ရှိနေပါတယ်။ နောက်တစ်ချက်ကတော့ မြန်မာနိုင်ငံဟာ လာမဲ့တစ်နှစ်မှာ ရွေးကောက်ပွဲလုပ်ပြီးလို့ PR အစိုးရသစ်တစ်ရပ်နဲ့ PR လွှတ်တော်ပေါ်ပေါက်ဖို့အတွက် အားယူရုန်းထမဲ့ အခြေအနေကောင်းမှာရှိနေမှာဖြစ်လို့ အထူးတလည် ပူစရာတော့ မလိုပါဘူး။
လက်ရှိအခြေအနေမှာ စိတ်ပူရမှာက စျေးတွေတက်တော့မှာဆိုပြီး ရှိနေတဲ့ ကုန်တွေထုတ်မရောင်းဘဲ စျေးဆွဲတင်ပြီး လှောင်တဲ့သူတွေ၊ ရွှေစျေး၊ ဒေါ်လာစျေး၊ အိမ်ခြံမြေစျေးကို လေပတ်ကားစျေးနဲ့ ဆွဲတင်ကြတဲ့ ဝိသမလောဘသားတွေရဲ့ နိုင်ငံနဲ့ ပြည်သူကို ဒုက္ခပေးမဲ့ လုပ်ရပ်တွေကိုပဲ ပူရမှာပါ။ အဲဒီအတွက်လည်း တာဝန်ရှိတဲ့အစိုးရတွေနဲ့ ဒီလိုမျိုး ဝိသမလောဘသားတွေကို ပြင်းပြင်းထန်ထန်အရေးယူရမှာပါ။
FATF က အရေးယူတယ်လို့ သတင်းထွက်ပြီး ငါးနာရီမပြည့်မီမှာပဲ ဒေါ်လာစျေး ၂၉၀၀ ကနေ ၃၅၀၀ နဲ့ ၄၀၀၀ အကြား ဆွဲတင်ပြီး လေပတ်ကားစျေးမှာလည်း တစ်ဒေါ်လာ ၅၈၀၀၊ ၆၀၀၀ အထိ ဆွဲခေါ်လှုံ့ဆော်ကြပါတယ်။ ဒါပေမဲ့ ချက်ခြင်းပဲ တစ်ဒေါ်လာ ၃၀၀၀ ဆီကို ပြန်ကျသွားပါတယ်။ ဆိုးခဲ့တာတစ်ခုကတော့ စားသောက်ကုန်စျေးနှုန်းတွေ ဆွဲတင်ခဲ့တာပါ။ ဥပမာအားဖြင့် စားအုန်းဆီဖြန့်တဲ့ ဒိုင်တွေပါ။ တစ်ပိဿာကို ဖြန့်စျေး ၉၀၀ ဆွဲတင်ခဲ့သလို အရောင်းတွေလည်း ပိတ်ချလိုက်တော့ လူထုကြားမှာ ဆီပြတ်တော့မယ်ဆိုတဲ့ အကြောက်လွန်စိတ်နဲ့ ဆီကိုစုပြုံဝယ်ခဲ့ကြသလို တခြားစားသောက်ကုန်တွေလည်း ပြုံဝယ်ကြပါတယ်။ ဒါ့အပြင် စက်သုံးဆီဆိုင်တွေမှာလည်း စုပြုံပြီး ဆီတိုးဝှေ့ထည့်ကြတာ တွေ့ရပါတယ်။ ဒီလိုမျိုးလူထုရဲ့ အကြောက်လွန်မှုက Panic Buying ဖြစ်ပြီး စျေးဆွဲတင်သူတွေစိတ်ကြိုက်ဖြစ်ကုန်မှာပါ။ ဒီလိုမျိုးထပ်မဖြစ်အောင် အစိုးရက ထိန်းကျောင်းဖို့လိုအပ်သလို စျေးကစားသူတွေကိုလည်း ထိထိရောက်ရောက်နှိမ်နင်းရမှာပါ။
“ဒေါ်လာစျေးကစားတဲ့သူတွေ၊ အိမ်၊ ခြံ၊ မြေ၊ ရွှေတွေကို စျေးကစားတဲ့သူတွေပေါ့။ သူတို့က ဒေါ်လာစျေးဆွဲတင်ပြီး ကုန်စျေးနှုန်းတွေတက်အောင် မြန်မာ့ငွေတန်ဖိုးကျအောင် လုပ်နေတဲ့သူတွေပေါ့။ ကျွန်တော့်မှာ အဲဒီလိုစျေးကစားတဲ့သူတွေကို စာရင်းပြုစုထားတာမျိုးရှိတယ်။ ဒီလိုလူတွေ စျေးမကစားကြပါနဲ့လို့ ပြောချင်ပါတယ်။ လိုအပ်ရင်နာမည်တွေနဲ့တကွ ချပြသွားပါ့မယ်”လို့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ကိုရဲအောင်ကျော်က မှတ်ချက်ပြုပါတယ်။
သေချာတာကတော့ FATF ဟာ မြန်မာ့စီးပွားရေးကဏ္ဍတစ်ခုလုံးပြိုပျက်သွားစေချင်တဲ့သူတွေရဲ့ လှိမ့်လုံးခြောက်လုံးတွေလောက် ကြောက်စရာမကောင်းဘဲ အသာအယာကျော်ဖြတ်သွားနိုင်တဲ့ စိန်ခေါ်မှုတစ်ခုပါပဲ။ ဒီစိန်ခေါ်မှုကို အောင်မြင်စွာကျော်ဖြတ်ဖို့ကတော့ ၂၀၂၃ PR ရွေးကောက်ပွဲအောင်အောင်မြင်မြင်ဖြစ်ပြီး PR အစိုးရသစ်တစ်ရပ် တက်လာဖို့နဲ့ ငွေကြေးစျေးကစားသူတွေကို ကုန်စျေးနှုန်းဆွဲတင်သူတွေကို လက်ရှိတာဝန်ယူထားတဲ့ SAC က ထိထိရောက်ရောက်ပြင်းပြင်းထန်ထန် နှိမ်နင်းဖို့ပဲ လိုပါတယ်။