၃. ၇. ၂၀၂၃
Written by Phyo Wei
ဝန်ထမ်းပေါင်း ၄၀၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ Pact Myanmar မြန်မာနိုင်ငံကနေ ဇွန်လကုန်မှာ ထွက်ခွာပြီး ချေးပေးထားတဲ့ငွေ ဒေါ်လာ သန်း ၁၆၀ လောက်ကို မတောင်းခံတော့ဘူးလို့ ကြေညာခဲ့တဲ့ ဒီရက်သတ္တပတ်ဟာ အတိုးနှုန်းအရမ်းသက်သာတဲ့ သူ့ချေးငွေကို အားကိုးနေရသူ ပြည်သူ ၉ သိန်းလောက်အဖို့ အထိနာတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။
တစ်ဖက်မှာလည်း ကမ္ဘာကျော်အဝတ်အထည်အမှတ်တံဆိပ်ဖြစ်တဲ့ Zara အမှတ်တံဆိပ်ထုတ်လုပ်တဲ့ Inditex ဖက်ရှင်ကုမ္ပဏီက မြန်မာ့အထည်ချုပ်လုပ်ငန်းမှာ ပါဝင်လုပ်ကိုင်မှုကို အဆုံးသတ်ဖို့ စီစဉ်နေတာကြောင့် အထည်ချုပ်အလုပ်သမတွေ ဒုက္ခကြုံရဦးမဲ့ ဒီရက်သတ္တပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ပြီးခဲ့တဲ့ အစိုးရနှစ်ဆက်မှာ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၅ ဘီလျံလောက်ဖြစ်ခဲ့တဲ့အကြောင်း၊ ကုန်သည်စက်မှုအသင်းချုပ်က လုပ်ငန်းရှင်တွေကို ထိုက်သင့်တဲ့အမြတ်ပဲယူဖို့ သတိပေးတဲ့အကြောင်းနဲ့ မူဝါဒမှားယွင်းမှုနဲ့ အကျပ်အတည်းတွေက မြန်မာ့စီးပွားရေးကို အမြဲတန်းလိုလို ထိခိုက်နေတယ်လို့ ကမ္ဘာ့ဘဏ် ပြောတဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။
“ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၅ ဘီလျံလောက်ဖြစ်ခဲ့တဲ့ အစိုးရနှစ်ဆက်”
ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ မဲမသမာမှုကြောင့် ဖြုတ်ချခံခဲ့ရတဲ့ NLD အစိုးရဟောင်းလက်ထက် နှစ်ဆက်အတွင်းမှာ ကုန်သွယ်မှုလိုငွေဟာ ဒေါ်လာ ၂၅ ဘီလျံလောက်အထိ ရှိခဲ့ပါတယ်။ ဒီလိုမျိုး လိုငွေအခြေအနေပြန်ကြည့်မယ်ဆိုရင် ဦးသိန်းစိန်အစိုးရလက်ထက် ပွင့်လင်းစ မြန်မာနိုင်ငံဟာ ပို့ကုန်တင်ပို့မှု အားနည်းခဲ့တာ၊ ကုန်ထုတ်လုပ်မှုနည်းပါးတာ၊ မြန်မာ့ပို့ကုန်တချို့ ဓာတုဆေးကြွင်းပါဝင်လို့ ကန့်သတ်ခံရတာတွေရှိခဲ့တာတွေကြောင့် လိုငွေ ဒေါ်လာ ၁၂ ဘီလျံလောက်ဖြစ်ခဲ့တာပါ။ ဒါတွေကြောင့် NLD အစိုးရဟောင်းလက်ထက်မှာ ပို့ကုန်သုံးဆမြှင့်မယ်လို့ ကြွေးကြော်ခဲ့ပေမဲ့လည်း တကယ်တမ်းတော့ အလုပ်မဖြစ်ခဲ့ဘဲ ကုန်သွယ်မှုလိုငွေက ဒေါ်လာ ၁၂ ဒသမ ၆ ဘီလျံလောက်အထိ ဖြစ်လာခဲ့သလို အဲဒီလို လိုငွေတွေအတွက်တော့ Non Trade က ရတဲ့ငွေတွေ၊ ပြည်ပချေးငွေတွေနဲ့ အစားထိုးသုံးခဲ့ရတဲ့အခြေအနေပါ။
လက်ရှိအခြေအနေမှာ ကုန်သွယ်မှုလိုငွေ လျော့ကျဖို့ အစွမ်းကုန်ကြိုးစားနေသလို ထုတ်ကုန်တွေ တိုးမြှင့်ဖို့ ကုန်စျေးနှုန်းလျှော့ချနိုင်ဖို့ ကြိုးစားနေပေမဲ့လည်း လျှပ်စစ်မီးတွေ ဖျက်ဆီးခံထားရတာ၊ လောင်စာဆီစျေးနှုန်းမြင့်တက်လာလို့ သယ်ယူပို့ဆောင်ကုန်ကျစရိတ်မြင့်တက်လာတာ၊ ပဋိပက္ခတွေကြောင့် စိုက်ပျိုးမွေးမြူထုတ်လုပ်မှုတွေ လျော့ကျလာတာကြောင့် သွင်းကုန်ကို အားပြုနေရတာနဲ့ အမေရိကန်ရဲ့ ဘက်ပေါင်းစုံက ပိတ်ဆို့မှုတွေကြောင့် ဒီကုန်သွယ်မှုလိုငွေမြင့်တက်မှုပြသနာဟာ ဖြေရှင်းနိုင်ဖို့ ကြိုးစားမှုနဲ့အတူ အခက်အခဲတွေ ရှိနေတာပါ။ လက်ရှိ SAC အစိုးရလက်ထက် ကြားကာလမှာဆိုရင် ကုန်သွယ်မှုလိုငွေက ဒေါ်လာ ၃၄၃ သန်းကျော်၊ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် မတ်လအထိ ကုန်သွယ်မှုလိုငွေက ဒေါ်လာ ၇၃၂ သန်းကျော်နဲ့ အခု လက်ရှိနှစ်မှာ မေလအထိက လိုငွေ ဒေါ်လာ ၁၁၆၃ သန်းကျော်ဖြစ်ပေါ်နေတာပါ။ ဒီအခြေအနေက လွန်မြောက်ဖို့ဆိုရင်တော့ ကုန်သွယ်မှုတွေ တိုးပြီးထုတ်လုပ်ဖို့က အရေးပါတဲ့အချက်ဖြစ်လာမှာဖြစ်သလို လက်ရှိပို့ကုန်ဝင်ငွေရှိမှ သွင်းကုန်သွင်းရမဲ့အခြေအနေတွေက ပြည်ပပို့ကုန်မှီခိုနေရတဲ့နိုင်ငံအတွက် ကုန်စျေးနှုန်းကြီးမြင့်မှုတွေ၊ ကုန်စည်ပြတ်တောက်မှုတွေ၊ မှောင်ခိုကုန်သွယ်မှုပိုမြင့်တက်တာတွေ ဖြစ်လာမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။
“ကုန်သည်စက်မှုအသင်းချုပ်က လုပ်ငန်းရှင်တွေကို ထိုက်သင့်တဲ့အမြတ်ပဲယူဖို့ သတိပေးမှု”
ထုတ်လုပ်မှုအပိုင်း၊ ကုန်သွယ်မှုအပိုင်းနဲ့ ဝန်ဆောင်မှုအပိုင်း သုံးပိုင်းကို လုပ်ဆောင်နေပြီး မြန်မာနိုင်ငံရဲ့ ပို့ကုန်သွင်းကုန်ကဏ္ဍမှန်သမျှကို ချုပ်ကိုင်ထားတဲ့ ကုန်သည်စက်မှုအသင်းချုပ်က လုပ်ငန်းရှင်တွေကို SAC ဥက္ကဋ္ဌက ဇူလိုင် ၂ ရက်မှာ တွေ့ဆုံပြီး ကုန်ပစ္စည်းတွေဆီကနေ ထိုက်သင့်တဲ့ အမြတ်ပဲယူဖို့ သတိပေးလိုက်တာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ဖြစ်စဉ်အပြီးမှာ နိုင်ငံရေးအကျပ်အတည်းနဲ့ လူထုကို ကျပ်တည်းအောင်လုပ်ပြီး ဆူပူစေချင်တဲ့သူတွေက ကုန်စျေးနှုန်းတွေ ဆွဲတင်၊ ဆွဲလှောင်ပြီး စျေးကစားခဲ့တဲ့အကျိုးဆက်တွေကို ပြည်သူလူထုက ကျောကော့အောင်ခံနေရသလို လက်ရှိအချိန်မှာကို မြန်မာပြည်ရဲ့ အခြေခံစားကုန်ဖြစ်တဲ့ ဆန်စျေးတွေဟာ ၁ နှစ်ကျော်အတွင်းမှာ ၁၀၀ ရာခိုင်နှုန်းအထက် ကျော်လွန်သွားခဲ့ရတဲ့အခြေအနေပါ။ လစာတွေ၊ ဝင်ငွေတွေက ကိုဗစ်နဲ့ နိုင်ငံရေးအကျပ်အတည်းကြောင့် ကျဆင်းနေချိန်မှာ ပုံမှန်မြတ်သင့်တဲ့ အမြတ်ထက် အဆမတန်ဆွဲတင်နေကြတဲ့ ဝိသမလောဘသားတွေကြောင့်လည်း ပြည်သူတွေ ပိုပိုကျပ်တည်းလာပြီး ကမ္ဘာ့ဘဏ်လို ကုလသမဂ္ဂလို အဖွဲ့အစည်းတွေရဲ့ သုတေသနတိုင်းမှာ မြန်မာ့လူဦးရေရဲ့ လေးပုံတစ်ပုံလောက်က စားဝတ်နေရေးအဆင်မပြေတော့ဘူးဆိုတဲ့ သုတေသနစစ်တမ်းမျိုးတွေဟာ ဝိသမလောဘသားတွေသာ ရှက်တတ်မယ်ဆိုရင် ရှက်စရာပါ။ တစ်ခါတလေမှာတော့ ဒီလိုမျိုး ကုန်စျေးနှုန်းဆွဲတင်နေတဲ့ ဝိသမလောဘသားတွေက သတိပေးနေရုံနဲ့ မရတဲ့အခြေအနေမျိုးတွေလည်း ရှိတတ်တာမို့ ကုန်စျေးနှုန်းတွေ၊ ဆန်စျေးနှုန်းတွေ မတက်တက်အောင် ဆွဲတင်နေတဲ့သူတွေကို ထိရောက်စွာ ပြစ်ဒဏ်ပေးသင့်နေပြီလို့ပဲ တိုက်တွန်းရမှာပါ။
“မူဝါဒမှားယွင်းမှုတွေ အကျပ်အတည်းတွေက ဆွဲချနေတဲ့ မြန်မာ့စီးပွားရေး”
ကမ္ဘာ့ဘဏ်က ဇွန်လ ၂၇ ရက်မှာ ထုတ်ပြန်တဲ့ ‘ထိခိုက်လွယ်နေသော စီးပွားရေးပြန်လည်နာလန်ထူမှု’ အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ မူဝါဒမှားယွင်းမှုနဲ့ နိုင်ငံက အကျပ်အတည်းအခြေအနေအတွင်း ဆက်လက်တည်ရှိနေမှုကြောင့် အမြဲတမ်းလိုလို ထိခိုက်မှုရှိနေနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီအစီရင်ခံစာမှာ မြန်မာ့ GDP က လာမဲ့ စက်တင်ဘာအထိ ၃ ရာခိုင်နှုန်း တိုးတက်နေပေမဲ့လည်း ၂၀၁၉ ခုနှစ် ကပ်ရောဂါဆိုးကြီး မတိုင်မီကထက် ၁၀ ရာခိုင်နှုန်းနိမ့်ကျနေမယ်လို့ ခန့်မှန်းရသလို ဒါက နိုင်ငံ့ စီးပွားရေးတန့်နေတာကို ဖော်ပြတာလို့လည်း ပြောခဲ့ပါသေးတယ်။
ဒါ့အပြင် နိုင်ငံအတွင်း လက်နက်ကိုင်ပုန်ကန်မှု ထကြွနေတာ၊ နယ်စပ်ဒေသတစ်လျှောက် လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တွေ အားကောင်းနေတာနဲ့ ပြည်တွင်းမှာ အစိုးရကိုဆန့်ကျင်မှု ရေရှည်တည်ရှိနေတာတွေက မြန်မာအစိုးရအတွက် နိုင်ငံကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ တားဆီးနေပြီး အစိုးရရဲ့ စီးပွားရေးအရ တရားဝင်ဖြစ်စေဖို့ကြိုးပမ်းမှုကိုပါ အနှောင့်အယှက်ပြုနေတယ်လို့လည်း ကမ္ဘာ့ဘဏ်က အစီရင်ခံပါတယ်။ တကယ်တော့ လက်ရှိအခြေအနေမှာ ဖြစ်နေရတဲ့ စီးပွားရေးကျဆင်းမှုအရင်းခံဟာ ကိုဗစ်ကြောင့်ပါဆိုပြီး ပြောရမဲ့ကာလက ကျော်လွန်ခဲ့ပါပြီ။ ဒီအခြေအနေမှာ အခုဖြစ်နေတာက နိုင်ငံရေးအကျပ်အတည်းကနေ အရင်းခံနေတဲ့ စီးပွားရေးအကျပ်အတည်းပါ။ စီးပွားရေးကျပ်တည်းပြီး ပုံစံမမှန်ဆွဲတင်ထားတဲ့ အိမ်ခြံမြေ၊ ရွှေ၊ ဒေါ်လာ၊ ကားမှာပဲ စျေးတွေကစား အဆမတန်ဆွဲတင်နေရင်း လည်ပတ်နေတဲ့ မြန်မာ့စီးပွားရေးဟာ ပြည်သူ့ဝယ်ယူစားသုံးနိုင်စွမ်းကတော့ ကျဆင်းနေတာဖြစ်ပြီး လူတန်းစားမညီမျှမှုတွေကလည်း ထားစရာမရှိတဲ့သူနဲ့ စားစရာမရှိတဲ့သူဆိုပြီး ကွာသလိုမျိုး တဖြည်းဖြည်းဖြစ်လာနေတာပါ။ ဒီအကျပ်အတည်းတွေအားလုံးက ကျော်ဖြတ်ဖို့ဆိုတာကတော့ လက်နက်ကိုင်ပြီး ပြည်သူကို ဦးတည်တိုက်ခိုက်နေတဲ့ပုံစံဖြစ်လာနေတဲ့ တိုက်ပွဲတွေ ပြီးဆုံးမှ၊ ရွေးကောက်ပွဲကတက်လာတဲ့ အရပ်သားအစိုးရတစ်ရပ်ပေါ်ထွက်လာချိန်မှ နိုင်ငံရေးအကျပ်အတည်းတစ်ခန်းရပ်မှုနဲ့အတူ စီးပွားရေးပြေလည်မှုလမ်းကြောင်းပေါ် ရောက်လာမှာပါ။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲကျင်းပရေးဟာ ဘက်စုံကျပ်တည်းမှုနဲ့ ရင်ဆိုင်လာနေရတဲ့ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအတွက် တစ်ခုတည်းသောထွက်ပေါက်ဆိုတာ အချိန်က မီးမောင်းထိုးပြနေတာ မြင်နိုင်ကြပါစေလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။