◾မျက်နှာသစ်အမတ်များ ကြီးစိုးသည့် ထိုင်းအောက်လွှတ်တော်အသစ် ယနေ့ စတင်
၃. ၇. ၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၏ ၂၆ ကြိမ်မြောက် အောက်လွှတ်တော်ကို ဇူလိုင်လ ၃ ရက်တွင် စတင်ကျင်းပရာ အောက်လွှတ်တော်အမတ်စုစုပေါင်း ၅၀၀ ဦးအနက် ၂၆၈ ဦးက ပထမအကြိမ်ရွေးချယ်ခြင်းခံရသော အမတ်များဖြစ်သောကြောင့် ထိုင်းအောက်လွှတ်တော်အနေဖြင့် မျက်နှာသစ်အမတ်များကအများစုဖြစ်နေကြောင်း တွေ့ရှိရသည်။
အဆိုပါ ပထမဆုံးရွေးချယ်ခံရသည့် အမတ်များတွင်လည်း ရွေးကောက်ပွဲနိုင် Move Forward Party (MFP) ပါတီမှာ အမတ်ဦးရေအများစုဖြစ်နေကြောင်းလည်း တွေ့ရသည်။ MFP ပါတီက အမတ်နေရာ ၁၅၁ နေရာ အောက်လွှတ်တော်တွင် အနိုင်ရခဲ့သည့်အနက် ၁၂၀ ဦးက ပထမအကြိမ်ရွေးချယ်ခံရသော အမတ်များဖြစ်ကြပြီး အမတ်နေရာ ၁၄၁ နေရာဖြင့် ဒုတိယမဲအများဆုံးဖျူထိုင်းပါတီတွင် ပထမအကြိမ်ရွေးချယ်ခံရသော အမတ် ၄၅ ဦးနှင့် Palang Pracharath ပါတီတွင် ၂၀ ဦး အသီးသီး ရှိကြကြောင်းလည်း သိရသည်။
၂၆ ကြိမ်မြောက် အောက်လွှတ်တော်က အထက်လွှတ်တော်နှင့်ပူးပေါင်း၍ ထိုင်းနိုင်ငံဝန်ကြီးချုပ်အသစ်ကိုလည်းကောင်း၊ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယအောက်လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးအတွက် အောက်လွှတ်တော်အမတ်များကလည်းကောင်း ဇူလိုင်လ ၄ ရက်တွင် မဲပေးရွေးချယ်ကြမည်ဖြစ်သည်။
ထို့ကြောင့် ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ရန် MFP ပါတီကအဆိုပြုထားသည့် MFP ပါတီခေါင်းဆောင် ပီတာအား အထက်လွှတ်တော်အမတ်များက လက်ခံခြင်းရှိမရှိနှင့် ရှစ်ပါတီ မဟာမိတ်အုပ်စုအတွင်း၌ပင် အင်အားအကြီးဆုံးပါတီကြီးနှစ်ခုဖြစ်သည့် MFP နှင့် ဖျူထိုင်းပါတီတို့အကြား အောက်လွှတ်တော် ကျင်းပချိန်ထိညှိနှိုင်းမရသေးသော အောက်လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် အငြင်းပွားမှုကိုလည်း မည်သို့ဆက်လက်ဖြေရှင်း၍ အဖြေရှာကြမည်နည်းဆိုသည်မှာ ဇူလိုင်လ ၄ ရက်တွင် အဖြေပေါ်၍ ထိုင်းနိုင်ငံ၏ လိပ်ခဲတည်းလည်း ဖြစ်နေသော နိုင်ငံရေးအခြေအနေကို မည်သို့ဆက်လက်စခန်းသွားကြမည် နည်းစောင့်ကြည့်ရပေမည်။
Ref- Nation Thailand