၃. ၇. ၂၀၂၃
Written By Thandar
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက လစဉ်ထောက်ပံ့ပေးနေလျက်ရှိတဲ့ သက်ကြီးအနုပညာရှင်တွေကို ထောက်ပံ့ကြေးငွေ ဆက်လက်ပေးအပ်နေပါတယ်။
ဒီထောက်ပံ့ငွေပေးအပ်ခြင်းကို ဒီနေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ဂဘာလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ အစည်းအရုံးရဲ့ ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက အသက် ၇၅ နှစ်အထက် သက်ကြီးအနုပညာရှင်တွေကို ထောက်ပံ့ငွေ ပေးအပ်ခဲ့တာဖြစ်ပါတယ်။
“အစည်းအရုံးအနေနဲ့ သက်ကြီးအနုပညာရှင်တွေအတွက် ထောက်ပံ့ကြေးပေးတာတော့ ကြာပါပြီ။ ထောက်ပံ့ကြေးရတဲ့ အသက် ၇၅ နှစ်အထက် ရုပ်ရှင်သက်ကြီး မိဘတွေကို ဇွန်လအတွက် ထောက်ပံ့ကြေးငွေကို ဇူလိုင်လဆန်း ၃ ရက်နေ့က စတင်ပြီး ထုတ်ပေးနေပါတယ်။ တချို့လည်း ဒီနေ့လာထုတ်ကြသူတွေရှိသလို တချို့ကလည်း လာရတာဝေးတော့ ၃ လလောက်ပေါင်းပြီး ထုတ်ယူသူတွေလည်းရှိကြတယ်။ အစည်းအရုံးလို NGO အဖွဲ့ဆိုတော့ ရှိတဲ့အထဲက အဆင်ပြေအောင်တော့ လှူဒါန်းမှုတွေ လုပ်ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီငွေနဲ့ အထောက်အကူလေး တစ်ခုဖြစ်တယ်ဆိုရင်ပဲ ကျေနပ်ပါတယ် ”လို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးရဲ့ ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက MT News ကို ပြောပါတယ်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးအနေနဲ့ အသက် ၇၅နှစ် အထက် သက်ကြီးအနုပညာရှင် ၅၀ ကို တစ်ဦးလျှင် ငွေကျပ် ၁၅၀၀၀ နှုန်းနဲ့ လစဉ်ထောက်ပံ့ငွေ လှူဒါန်းပေးအပ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်တွေရဲ့ သားသမီးတွေအတွက်လည်း ကျောင်းသုံးပစ္စည်းတွေနဲ့ အတူ ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်းကို ဇူလိုင် ၈ ရက်နေ့ကျရင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ဆက်လက် ပေးအပ်သွားမှာ ဖြစ်ပါတယ်။