၃. ၇. ၂၀၂၃
Written by Peya
ကိုဗစ်နှင့် နိုင်ငံရေး ပဋိပက္ခများကြောင့် ထိန်းသိမ်းခံ ဧရာဝတီလင်းပိုင်များကို ဂရုစိုက်မှု နည်းပါးနေပြီး အကောင်ရေ လျှော့ကျသွားနိုင်သည်ဟု ခန့်မှန်းရကြောင်း သဘာဝ ပတ်ဝန်းကျင်အရေး ဆောင်ရွက်ပေးနေသည့် Save The Trees မှ ကိုကျော်သူရက သုံးသပ်သည်။
ဧရာဝတီလင်းပိုင်များကို ယခင်က Wildlife Conservation Society (WCS)၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများက ဝိုင်းဝန်းထိန်းသိမ်းခဲ့ကြခြင်းဖြစ်ပြီး ထိုသို့ ဝိုင်းဝန်းဆောင်ရွက်သည့် အခြေအနေမှာ လက်ရှိတွင် ရပ်နေသည့် အနေအထားမျိုး ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“အခုကာလမှာ ဧရာဝတီလင်းပိုင် သေဆုံးမှုတွေ ရှိနေနိုင်တယ်။ အချက်အလက်တော့ ထပ်မကောက်ရသေးဘူး။ (အချက်အလက်ကောက်ဖို့) ဒါကို ကျွန်တော်တို့ ကြိုးစားနေတယ်” ဟု ကိုကျော်သူရက ဆိုသည်။
အချက်အလက်ကောက်ယူရန်အတွက် လက်ရှိတွင် အစပျိုးနေကာ မြေပြင် စာရင်းကောက်ယူရန်မှာမူ အချက်အလက်များစွာ လိုနေသေးပြီး မည်သည့်အဖွဲ့အစည်းနှင့် ချိတ်ဆက်မည်။ မည်သို့ ဆောင်ရွက်ရမည် ဆိုသည့်အချက်မှာ များစွာ လိုအပ်နေသေးကြောင်း လည်း ၎င်းက ဆိုသည်။
“အကောင်ရေ လျော့ကျနိုင်တယ်။ ဒီအတိုင်းတောင် ရွှေမျောတွေ၊ ဘတ္တရီ ရှော့တိုက် ဖမ်းတာတွေကြောင့် သေကြေပျက်စီးရတာ များနေတာ။ ကိုဗစ်တုန်းကတော့ စက်လှေဘာညာ သိပ်မထွက်ဘူး။ အခုနောက်ပိုင်းက ပြန်ထွက်လာကြပြီလေ။ ထိခိုက်မှု အများဆုံး ရှိနိုင်တယ်။ သတင်းမကြားမိပေမယ့် ရှိနိုင်တယ်။ လက်လှမ်းမမီလို့ပါ” ဟု ကိုကျော်သူရက ဆိုသည်။