၂၄-၁၀-၂၀၂၂
Written by Nay Moe
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကျခတ္တပင်အင်းကျေးရွာတွင် ကျောင်းအုပ်ဇနီးမောင်နှံနှစ်ဦးအပါအဝင် လူလေးဦးအား လက်နက်ကိုင်လူတစ်စုက ဝင်ရောက်သတ်ဖြတ်ခဲ့မှု အောက်တိုဘာ ၂၃ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၃ ရက် နံနက် ၈ နာရီအချိန်ခန့်တွင် PDF ဟု ဒေသခံများပြောသော လူ ၃၀ ခန့်က ရွာထဲသို ဝင်ရောက်လာပြီး ကျောင်းအုပ်ဇနီးမောင်နှံအပါအဝင် လူငါးဦးအား သတ်ဖြတ်ခဲ့ရာ ကျောင်းအုပ်ဇနီးမောင်နှံနှင့် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး ဆုံးပါးကာ တစ်ဦးမှာ ဆေးရုံတွင် ကုသမှုခံယူနေရသည်ဟု သိရသည်။
“PDF တွေလို့ ပြောတဲ့ လူ ၂၅၊ ၃၀ လောက်ဝင်လာပြီး CDM မလုပ်တဲ့ ကျခတ္တပင်အလယ်တန်းကျောင်းက ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမိုးဆွေနဲ့ သူ့ခင်ပွန်းကို ပစ်သတ်သွားတာ။ သူ့ခင်ပွန်းကိုစိုးခိုင်ကလည်း မူလတန်းကျောင်းအုပ်လို့ သိရတယ်။ နောက်ထပ်ပစ်သတ်ခံရတာကလည်း လင်မယားပဲ။ တစ်ယောက်ကတော့ ရေဖြူဆေးရုံမှာ ကုနေတယ်” ဟု ဒေသခံတစ်ဦးက ယင်းသိရှိသမျှအား MT News သို့ ပြောသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ကျခတ္တပင်အင်းကျေးရွာနေ ဦးစိုးခိုင် (၄၃) နှစ်၊ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်အေးမိုးဆွေ (၄၄) နှစ်၊ ဦးဝင်းသိန်း (၅၄) နှစ်၊ ဒေါ်အောင်ဆန်း (၅၄) နှစ် နှင့် ဦးဝင်းဦး (၅၆) နှစ်တို သေနတ်များဖြင့်ပစ်ခတ် သတ်ဖြတ်ခံခဲ့ရပြီး ဦးစိုးခိုင်၊ ဒေါ်အေးမိုးဆွေ၊ ဦးဝင်းသိန်းနှင့် ဒေါ်အောင်ဆန်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ရာတွင် သေဆုံးခဲ့ကာ ဦးဝင်းဦးတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။
ရေဖြူမြို့နယ် ကျောက်ထောင့်ကျေးရွာအုပ်စု ကျခတ္တပင်အင်းကျေးရွာ အလယ်တန်းကျောင်းခွဲမှာ ကျောင်းဖွင့်လှစ်သင်ကြားနေသဖြင့် PDF များ၏ တိုက်ခိုက်မှုခံနေရသော ကျောင်းဖြစ်ပြီး ပြီးခဲ့သည့် ဇွန် ၇ ရက်ကလည်း ကလေးငယ်များ ကျောင်းတက်လာချိန် ဗုံးနှစ်လုံးတွေ့ရှိခဲ့သဖြင့် ကျောင်းပိတ်ခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ အကြောင်းကြားကာ အဆိုပါ ဗုံးနှစ်လုံးအား ဖောက်ခွဲဖျက်ဆီးခဲ့ရကြောင်းလည်း ဒေသခံများက ပြောသည်။