MT News
Written by Nay Aung
အိန္ဒိယနိုင်ငံသားသုံးဦးကို PDF များက သတ်ဖြတ်၍ အိန္ဒိယနိုင်ငံတွင် မြန်မာနိုင်ငံသားများကို လက်မခံရန် ကန့်ကွက်ဆန္ဒပြမှုများဖြစ်ခဲ့ပြီးနောက် အိန္ဒိယနှင့် မြန်မာနိုင်ငံတို့သည် တစ်ဖက်နိုင်ငံ အန္တရာယ်ဖြစ်စေနိုင်သော လုပ်ရပ်များ လုပ်ကိုင်မည့်သူများကို သက်ဆိုင်ရာ နိုင်ငံနယ်နိမိတ်အား အသုံးချခွင့်မပြုရန် နှစ်ဖက်စလုံးက ထပ်မံ အတည်ပြုခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် Giridhar Aramane သည် မြန်မာနိုင်ငံသို့ ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အထိ သွားရောက်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပြင် နစကတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
အိန္ဒိယနှင့် မြန်မာနယ်စပ်ဒေသဖြစ်သော မဏိပူရပြည်နယ်တွင် လူမျိုးရေးအကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ခဲ့ပြီးနောက် အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနမှအမြဲတမ်းအတွင်းဝန်သည် မြန်မာနိုင်ငံသို့လာရောက်ကာ နစကအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံချိန်အတွင်း နှစ်နိုင်ငံနယ်စပ် တရားမဝင်ဖြတ်ကျော်မှုကိစ္စ၊ မူးယစ်ဆေးဝါးနှင့် မှောင်ခိုကုန်ကူးမှုကိစ္စ အပါအဝင် နှစ်နိုင်ငံနယ်စပ်ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အိန္ဒိယနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံနယ်နိမိတ် မိုင် ၁၀၀၀ ကျော် ထိစပ်နေသောနိုင်ငံများဖြစ်ရာ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ဖြစ်ပျက်သမျှ အခြေအနေများသည် မြန်မာနှင့် အိန္ဒိယနယ်စပ်ဒေသကို တိုက်ရိုက် သက်ရောက်မှု ရှိနေ၍ မြန်မာနိုင်ငံတွင် တည်ငြိမ်၊ ငြိမ်းချမ်းမှုများနှင့် မြန်မာပြည်သူများ ရှင်သန်နေထိုင်မှုကောင်းမွန်ရေးသည် အိန္ဒိယနိုင်ငံ၏အဓိကဦးစားပေးဖြစ်နေကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် စစ်ကိုင်း၊ ချင်း၊ မကွေးဒေသခံများအပါအဝင် မြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ နေရပ်စွန့်ခွာထွက်ပြေးမှုများရှိနေခဲ့ပြီး အိန္ဒိယအရှေ့မြောက်ခြမ်းတွင် မြန်မာနိုင်ငံမှနေရပ်စွန့်ခွာလာသူအရေအတွက် သောင်းချီရှိနေသည်။
Ref-newindianexpress