၂၄.၁၀. ၂၀၂၂
Written by Nay Moe
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ (၇) ရပ်ကွက်၊ ဘုရင့်နောင်လမ်းနဲ့ မင်းရဲကျော်စွာလမ်းထောင့်တွင် ကွမ်းယာရောင်းချသူ ဇနီးမောင်နှံအား ဒလန်ဟု စွပ်စွဲကာ The Salvation Revolters PDF အဖွဲ့က အောက်တိုဘာ ၂၄ ရက်တွင် ဗုံးခွဲတိုက်ခိုက်လုပ်ကြံခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ ယနေ့နံနက် ၇ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး The Salvation Revolters PDF အဖွဲ့ ထောင်ထားသည့် လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် ဇနီးမောင်နှံနှစ်ဦးစလုံးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ကိုထိန်လင်းနဲ့ သူ့အမျိုးသမီးက သူတို့လမ်းဘေးကွမ်းယာဆိုင်ဖွင့်ဖို ဆိုင်ကယ်နဲ့ ရောက်လာချိန်မှာ ကွမ်းယာဆိုင်ဘေးထောင်ထားတဲ့ ဗုံးက ပေါက်ကွဲပြီး လင်မယားနှစ်ယောက်စလုံးထိသွားတာ။ မိန်းမကတော့ ဒဏ်ရာပြင်းတယ်လို့လည်း သိရတယ်” ဟု အဆိုပါဖြစ်စဉ်တွေ့မြင်သူ ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါ ဖြစ်စဉ်အပေါ် The Salvation Revolters PDF အဖွဲ့က ထုတ်ပြန်ရာတွင် အဆိုပါ လင်မယားအား ဒလန်ဟု သုံးနှုန်းပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မပတ်သက်ရန် အကြိမ်ကြိမ်ပြောသော်လည်း လိုက်နာမှုမရှိသဖြင့် ယနေ့နံနက် ၆ နာရီ ၄၆ မိနစ်တွင် ရှင်းလင်းခဲ့ပြီး တပ်ဖွဲ့ဝင်များ ဘေးကင်းသည်ဟု ကြေညာခဲ့သည်။
The Salvation Revolters PDF အဖွဲ့၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဦးထိန်လင်းအောင်တွင် ဗုံးစထိမှန် (မစိုးရိမ်ရ) နှင့် ဒေါ်လင်းလင်းတွင် ဗုံးစထိမှန် (စိုးရိမ်ရ) ဒဏ်ရာများရပြီး ပေါက်ကွဲမှုကြောင့် သံဖရိန်ဖြင့်ပြုလုပ်ထားသည့် ကွမ်းယာဆိုင်လည်းပျက်စီးသွားကြောင်းသိရသည်ဟု News of Myanmar သတင်းဌာနကလည်း ဖော်ပြခဲ့သည်။