၃. ၇.၂၀၂၃
Written by Naing Thuta
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်တွင် ဒဏ်ရာအချို့ဖြင့်သေဆုံးနေသော အမည်မသိအမျိုးသားတစ်ဦး၏ရုပ်အလောင်း ယမန်နေ့မွန်းလွဲပိုင်းက တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင် ၂ ရက်) မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နဂဲကျေးရွာအနီးရှိ အုန်းချော- ရွှေစာရံလမ်းမပေါ်တွင် ဒဏ်ရာအချို့ဖြင့် သေဆုံးနေသော လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ဒေသခံများကတွေ့ရှိခဲ့ကြောင်း စေတနာမွန်လူမှုကူညီရေးအသင်း(အုန်းချော)ထံမှ သိရသည်။
“အခုထိတော့အလောင်းက ဘယ်သူဘယ်ဝါဖြစ်ပြီး ဘာကြောင့်သေတယ်ဆိုတာတော့မသိရသေးဘူး။ အလောင်းတစ်လောင်းတွေ့လို့ အကြောင်းကြားလို့ သွားသယ်ပြီး မန္တလေးဆေးရုံကြီးက ရင်ခွဲရုံကိုပို့ထားတယ်။ ကျန်တာတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေပဲ သိမယ်။ သေတဲ့သူက ဒဏ်ရာအချို့နဲ့သေဆုံးနေတာလို့တော့ ပြောသံကြားတယ်။ အလောင်းက လူလတ်ပိုင်းပဲ နည်းနည်းပုပ်ပွနေပြီဆိုတော့သေချာမသိဘူး။ အသားတော့ညိုမယ်ပုံစံပဲ ခပ်ပြည့်ပြည့်ထဲကပဲထင်တယ်။ ပိုင်ရှင်တော့မပေါ်သေးဘူးလို့ကြားတာပဲ” ဟု စေတနာမွန်လူမှုကူညီရေးအသင်း(အုန်းချော)မှ တာဝန်ရှိသူတစ်ဦးက MT News သို့ပြောသည်။