၃. ၇. ၂၀၂၃
Written by Hey Mar
မန္တလေး-ပြင်ဦးလွင်လမ်း ၁၇/မိုင်အနီးမှာ ဂေါ်ဒန်ကျောက်တွေ တင်လာတဲ့တွဲကားယာဉ်တစ်စီး အရှိန်လွန်ပြီး လမ်းဟောင်းဖြစ်တဲ့ အိုးတလုံးအဆင်းလမ်းဘက်က ရေချောင်းကူး တံတားဘေး ချောက်ထဲကို ထိုးကျသွားခဲ့ပြီး လူသေဆုံးခဲ့တယ်လို့ သိရပါတယ် ။
ဖြစ်စဥ်က ပြင်ဦးလွင်ကနေ မန္တလေးဘက်ကိုဆင်းတဲ့ အဆင်းလမ်းမှာဖြစ်ပွားခဲ့တာပါ။ အဆိုပါယာဥ်ပေါ်မှာ ပါလာတဲ့ အမျိုးသားနှစ်ဦးအနက် တစ်ဦးက ကားပေါ်ကနေ ခုန်ဆင်းကျန်ခဲ့ပြီး လက်ကျိုးဒဏ်ရာရရှိခဲ့ပါတယ်။ ကျန်တစ်ဦးက ယာဉ်နဲ့အတူ ပါသွားခဲ့ပြီး ချောက်ထဲ ပြုတ်ကျသေဆုံးသွားခဲ့တာပါ။
အခင်းဖြစ်နေရာကိုရောက်ရှိခဲ့တဲ့ စေတနာမွန်လူမှုကူညီရေးအသင်းက တာဝန်ရှိသူ ကိုအောင်သူက “ကားက ဖြစ်တဲ့နေရာရဲ့ အထက်မှာဆို အန္တရာယ်များတဲ့ မီးသတ်ကွေ့ရှိတယ်။ စောက်က မတ်တယ်။ အောက်မှာက ၁၆ မိုင် ၃ ဖာလုံက ယာဥ်မတော်တဆမှု မကြာခဏဖြစ်တတ်တဲ့နေရာ။ သူက မီးသတ် စောက် (ဇောက်)ကို ကျော်လာပြီး ၁၆ မိုင်မရောက်ခင် ဖြစ်တောင့်ဖြစ်ခဲနေရာမှာ ဖြစ်တာဆိုတော့ ကားဘရိတ်တွေ ဘာတွေများ ရုတ်တရက်ဖောက်တယ်ထင်တယ်။ ခုန်ချ ကျန်ခဲ့သူက ပြောပြပုံအရပေါ့လေ။ ကားသမားကတော့ ချောက်ထဲ ကားနဲ့အတူပါသွားလို့ ရုပ်အလောင်းကို မနည်းဖော်ရတယ် ၊ ကျောက်တွေနဲ့ ပိနေတာ” လို့ ပြောပါတယ်။
ချောက်ထဲ ကျသွားတဲ့ တွဲကားကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဦးစီးပြီး ဗဟိုသင်တန်းကျောင်းက ကယ်ဆယ်ရေးယာဥ်၂ စီး၊ မန္တလေး စက်မုဇုန်က ကယ်ဆယ်ရေးယာဥ်၂ စီးနဲ့ စေတနာမွန်လူမှုကူညီရေးအသင်းက ပူးပေါင်းကူညီ ဆွဲတင်ခဲ့ရတယ်လို့ သိရပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းနဲ့ ဒဏ်ရာရရှိတဲ့လူနာကိုစေတနာမွန် လူနာတင်ယာဉ်တွေနဲ့ မန္တလေး ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။