၃. ၇. ၂၀၂၃
Written by Naing Thuta
တောင်ကြီးမြို့ရှိ ထွန်းဆေးရုံတွင် ဖမ်းဆီးရမိသည့် အမျိုးသားတစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကနဦးစစ်ဆေးခဲ့ရာ ၎င်း၏အိမ်တွင်သိမ်းထားသော လက်နက်/ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ထွန်းဆေးရုံရှိ အခန်းအမှတ်(၁၂၂)သို့ ဇူလိုင်လ ၁ ရက်နေ့မနက် ၉ နာရီခန့်က လုံခြုံရေးပူးပေါင်းအဖွဲ့သည် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ အသက် ၂၅ နှစ်အရွယ်အမျိုးသားတစ်ဦးအား သင်္ကာမကင်းဖွယ်ရာတွေ့ရှိရသဖြင့် ဖမ်းဆီးကာ စစ်ဆေးခဲ့သည့်အခါ ရပ်စောက်မြို့နယ်ရှိ ၎င်း၏နေအိမ်၌ လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများသိမ်းထားသည်ဟု ကနဦးသိရသဖြင့် ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ တွေ့ရှိခဲ့သောကြောင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အဆိုပါ အဖမ်းခံရသူသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့၊ အမှတ်(၆)ရပ်ကွက်တွင်နေထိုင်ကာ တောင်ယာလုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။
ယင်းအဖမ်းခံရသူပြောပြချက်အရ လုံခြုံရေးပူးပေါင်းအဖွဲ့မှ ၎င်းအိမ်တွင် သွားရောက်စစ်ဆေးခဲ့ရာ ၇.၆၂ စက်လတ်ကျည် ၃၄ တောင့်၊ AK ကျည် ၄၅၀ တောင့်၊ AK သံကျည်ဘောက် ၄ ခု၊ အရှည် ၁ ပေခန့်အချင်း ၄ လက်မခန့်ရှိ သံပိုက်ဖြင့်ပြုလုပ်ထားသည့် မီးရှို့စနက်တပ်ဆင်ထားသော မိုင်းအကြီး ၁၁၀၊ အရှည် ၆ လက်မခန့်ရှိပြီး အချင်း ၂ လက်မသံပိုက်ဖြင့်ပြုလုပ်ထားသည့် အစိမ်းရောင် လက်လုပ်လျှပ်စစ်ရှော့တိုက်မိုင်း ၃၃၈ လုံး၊ အရှည် ၅ ပေခန့်ရှိ၍ အချင်း ၄ လက်မခန့်ရှိသည့် ကော်ပိုက်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁၀ လုံး၊ အရှည် ၅ လက်မခန့်ရှိပြီး အချင်း ၄ လက်မခန့်ရှိသောသံပိုက်ဖြင့်ပြုလုပ်ထားသည့် အစိမ်းရောင်လျှပ်စစ်ရှော့တိုက်မိုင်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။