၃. ၇. ၂၀၂၃
Written by Min Mahar
တစ်ဦးတည်းဆိုင်ကယ်မောင်းလာသော ယာဉ်ထိန်းရဲတပ်ဖွဲ့တစ်ဦးကို အနောက်က အလစ်အငိုက်ဖမ်းကာ အမည်မသိလူနှစ်ဦးက သေနတ်ဖြင့်ပစ်သ-တ်မှု မန္တလေးမြို့တွင် ဇူလိုင် ၁ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁ ရက် ညနေ ၆ နာရီကျော်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊၂၆ လမ်းနှင့် ၆၂(ဘီ)လမ်းထောင့်တွင် မန္တလေးယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုတိယတပ်ကြပ်အဆင့်ရှိသည့်ယာဉ်ထိန်းအမျိုးသားသည် စကူဖီးအနီ/အနက်အကြားဆိုင်ကယ်ဖြင့် တစ်ဦးတည်းဆိုင်ကယ်စီးလာစဉ် ၎င်းအနောက်မှ ဆိုင်ကယ်တစ်စီးဖြင့်အမည်မသိလူနှစ်ဦးက လိုက်ပါလာပြီး အလစ်အငိုက်ဖမ်းပြီးသေနတ်ဖြင့် ၃ ချက်ပစ်ခတ်ကာ ၂၆ လမ်းအတိုင်းအနောက်ဘက်သို့ထွက်ပြေးသွား၍ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်သည် နေရာ၌ ပွဲချင်းပြီးသေဆုံးသွားသဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
” သူ့ဆိုင်ကယ်ကို ဆီသွားထည့်မယ်ပြောပြီးထွက်သွားတာ။ မကြာခင်မှာ အခုလိုအဖြစ်ဆိုးနဲ့ကြုံတာပဲ။ ဆီထည့်ပြီးပြန်အလာ ၂၆ လမ်းအတိုင်း သူ့ရုံးရှိတဲ့အနောက်ဘက်ကို မောင်းပြန်လာရာကနေ အလစ်အငိုက်ဖမ်းပြီး ပစ်သတ်သွားတာ။ ရှေ့နည်းနည်းဆို ရဲစခန်းရောက်ပြီ။ ဒီလောက်လူစည်ကားတဲ့အချိန်၊ လူတွေရှုပ်နေတဲ့အချိန်လည်းဖြစ်တယ်။ အဲ့ဒီနေရာက ညနေဆိုလူအရမ်းရှုပ်တာ။ မြို့လည်ခေါင်ဖြစ်တာကို ဒီကောင်တွေတော်တော်အတင့်ရဲလာပြီ။ အသတ်ခံရသူက ဘုရားတရားသမား စိတ်ထားလည်း အရမ်းဖြူတာ။ အခုလိုဖြစ်သွားတော့ စိတ်မကောင်းဘူးဗျာ။ ဒီနေ့ သူ့အလောင်းကိုမြေချမှာ”ဟု အသတ်ခံရသည့်ယာဉ်ထိန်းရဲ၏ သူငယ်ချင်းဖြစ်သူက ပြောပြသည်။
ယခုကဲ့သို့ သတ်ဖြတ်သွားသောတရားခံနှစ်ဦးအား သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များကာ လိုက်လံစုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ အမှတ်(၃)နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းလည်း သိရသည်။