October 22, 2024

၂၄. ၁၀. ၂၀၂၂

Written by Thettant

ကျပ် ၃၇၆၄ သိန်း တန်ဖိုးရှိ Ketamine နှင့် Happy Water စိတ်ပြောင်းဆေးဝါးများ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တွင် ဖမ်းမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ အောက်တိုဘာ၂၁ ရက် နေ့လယ် ၃ နာရီခွဲအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ လှိုင်မြို့နယ်၊ (၇)ရပ်ကွက်ရှိ နိုင်လင်းအောင်(ခ)နိုင်လင်း(ခ)သီဟ နေထိုင်သည့် နေအိမ်တိုက်ခန်းအား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ အိပ်ခန်းအတွင်းမှ Ketamine အလေးချိန် ၂ ဒသမ ၉၂ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၇၆ သိန်း)၊ အက်တက်စီဆေးပြား ၇၀၁၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၈၀၄ သိန်း)၊ စိတ်ပြောင်းဆေးဝါးများရောစပ်ထားသောအမှုန့်(Happy Water)အလေးချိန် ၂၈၀ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၄ သိန်း)၊ ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် နိုင်လင်းအောင်(ခ)နိုင်လင်း(ခ)သီဟ(၂၈)နှစ်အား လှိုင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Happy Water ဆိုသည့် မူးယစ်ဆေးဝါးအသစ်မှာ မြန်မာနိုင်ငံ တာချီလိတ်မြို့မှထွက်ရှိသည့် မူးယစ်ဆေးဝါးအသစ်ဟုဆိုတာ ထိုင်းနိုင်ငံမှ တင်းကျပ်စွာစစ်ဆေးမှုပြုလုပ်နေသကဲ့သို့ စင်ကာပူအပါအဝင် အာဆီယံနိုင်ငံများတွင်လည်း အဆိုပါမူးယစ်ဆေးကို သတိပြုစစ်ဆေးနေသည်။ Happy Water သည် ကန့်သတ်ထိန်းချုပ်မူးယစ်ဆေးဝါးများဖြစ်သော Ketamine၊ Ecstasy၊ ICE( Methamphetamine) နှင့် ကော်ဖီ၊ ဒိုင်ယာဇီပင်၊ Tramadol အမှုန်များ ရောမွှေထားသော မူးယစ်ဆေးဝါးပုံစံသစ်ဖြစ်ပြီး အများအပြားသောက်မိပါက သေဆုံးနိုင်သည့် အန္တရာယ်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *