၂. ၇. ၂၀၂၃
Written by Tha Doe
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)သည် အဓိကအားဖြင့် ရောင်းဝယ်မှုများဆောင်ရွက်သည့် အဖွဲ့ဖြစ်ပြီး ထုတ်ကုန်ပစ္စည်းများရှိမှသာလျင် ရောင်းဝယ်မှုများ ဆောင်ရွက်နိုင်မည်ဖြစ်၍ ထိုသို့ရောင်းချရာတွင် အရေအတွက် များများ ရောင်းချနိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်နှင့် ထိုက်သင့်သည့်အမြတ်ဖြင့်သာ ရောင်းချရန်လိုအပ်သကဲ့သို့ နိုင်ငံ့အကျိုးအတွက်လည်း ကြည့်၍ ချိန်ဆဆောင်ရွက်ကြစေလိုကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြောကြားလိုက်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့တွင် UMFCCI ညီနောင်အသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးကိစ္စရပ်များကို ကဏ္ဍအလိုက် ရင်းနှီးပွင့်လင်းစွာဆွေးနွေးချိန်တွင် ထိုသို့ပြောကြားလိုက်ခြင်းဖြစ်ပြီး UMFCCI အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ဝိုင်းဝန်းဆောင်ရွက်နိုင်ရေး စဉ်းစားဆောင်ရွက်ကြစေလို ကြောင်းလည်း ပြောကြားသည်။
UMFCCI သည် ရောင်းဝယ်ရေးလုပ်ငန်းများကို အဓိကဆောင်ရွက်ကြသူများဖြစ်ကြပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့်အဖွဲ့များဖြစ် သောကြောင့် အချိန်ယူတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း၊ ယခု တွေ့ဆုံဆွေးနွေးမှုများကို ပြန်လည်သုံးသပ်၍ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ရန်လိုကြောင်းလည်း မှာကြားသည်။
ထို့ပြင် အစိုးရပိုင်းအနေဖြင့်လည်း ဆောင်ရွက်၍ရသည်များကို တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မိမိတို့အနေဖြင့် တိုင်းပြည်ကောင်းအောင် ဆောင်ရွက်နေခြင်းပင်ဖြစ်၍ နိုင်ငံတော်အစိုးရဆောင်ရွက်လျက်ရှိသကဲ့သို့ သက်ဆိုင်ရာ တာဝန်ရှိသူများ အားလုံးက ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာတာဝန်ရှိသူများက စီမံခန့်ခွဲခြင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ဆောင်သူများက ကုန်ကြမ်းများထုတ်လုပ်ခြင်း၊ ကုန်ထုတ်လုပ်သူများက ထုတ်ကုန်များ ဆောင်ရွက်ကခြင်းဖြစ်ပြီး ထုတ်ကုန်များထုတ်လုပ်နိုင်မှသာ ရောင်းဝယ်ခြင်းဝန်ဆောင်မှုများ ဖြစ်ပေါ် လာမည်ဖြစ်သဖြင့် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ အပြန်အလှန် မှီခိုနေရခြင်းကြောင့် အပြန်အလှန်အကျိုးရှိစေရေး ဆောင်ရွက်ပေးရန်လည်း တိုက်တွန်းသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးများကလည်း နိုင်ငံတော်အနေဖြင့် အခက်အခဲများ၊ ကန့်သတ်ချက်များကြားမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက် လျက်ရှိမှုများ၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေများကို ခေါင်းစဉ်အမျိုးမျိုးဖြင့် ဆောင်ရွက်ပေးလျက်ရှိသဖြင့် လုပ်ငန်းရှင်များအနေဖြင့်လည်း ချေးယူထားသည့် ငွေကြေးများကို မှန်မှန်ကန်ကန် အသုံးချရန်နှင့် အချိန်မီပြန်လည်ပေးဆပ်သွားရန်လိုအပ်ကြောင်း UMFCCI မှ တာဝန်ရှိသူများကို ပြောသည်။ ထိုကဲ့သို့ ကဏ္ဍအလိုက် ချေးငွေများကို ပြန်လည်ပေးဆပ်မှသာလျင် နိုင်ငံတော်၏ လည်ပတ်ရင်းနှီးငွေများသည် ပုံမှန်လည်ပတ်နိုင်မည့်အပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေနိုင်သကဲ့သို့ ပြည်ပသွင်းကုန်များနှင့် ပတ်သက်၍ နိုင်ငံတော်မှ ချမှတ်ပေးထားသည့် မူဝါဒများ၊ ခွင့်ပြုချက်များ ရယူပြီးမှ တင်သွင်းမည်ဆိုပါက ပိုမိုလွယ်ကူချောမွေ့မည် ဖြစ်သဖြင့် လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း သတိပေးခဲ့သည်။