◾ ၂၀၁၃ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ရန်ဆောင်ရွက်နေဟု ACC ဥက္ကဋ္ဌ ပြော
၂. ၇. ၂၀၂၃
Written by Nay Moe
မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် (ACC) နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဂတိလိုက်စားမှုသည် လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ထိခိုက်စေသည့် ဆိုးကျိုး သက်ရောက်မှုများကို ဖြစ်ပေါ်စေနိုင်သကဲ့သို့ နိုင်ငံဖြတ်ကျော်မှုခင်းများကို ဖြစ်ပေါ်စေသည့်အပြင် နိုင်ငံတိုင်း၏ စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ လူမှုရေး ဖြစ်စဉ်များကို ထိခိုက်စေသဖြင့် မြန်မာနိုင်ငံ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍကို အရှိန်အဟုန်ဖြင့် မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ ရောက်ရှိနေသော မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌဒေါက်တာဌေးအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၉ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ ရှေ့နေချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးတို့အကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကော်မရှင်ဥက္ကဋ္ဌဒေါက်တာဌေးအောင်နှင့် ရှေ့နေချုပ် Mr. Igor Krasnov တို့က နှစ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး နားလည်မှုစာချွန်လွှာ MoU ကို လက်မှတ်ရေးထိုးခဲ့ကြပြီး နှစ်နိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့သည်။
အဆိုပါ နားလည်မှုစာချွန်လွှာကို “အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ သတင်းအချက်အလက်များ၊ ကောင်းမွန်သည့် အလေ့အထများ၊ အတွေ့အကြုံများ ဖလှယ်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ဆွေးနွေးပွဲများ၊ ညီလာခံများ၊ အလုပ်ရုံဆွေးနွေးပွဲများ ပူးပေါင်း ကျင်းပရန်၊ နှစ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန် သွားရောက်ခြင်း၊ ဥပဒေရေးရာကိစ္စရပ်များတွင် အကြံဉာဏ်ပေးခြင်း၊ အဂတိလိုက်စားမှုကျူးလွန်ရာမှ ရရှိသည့် ပိုင်ဆိုင်မှုပစ္စည်းများ ပြန်လည်ရယူရေးတွင် ပူးပေါင်းဆောင်ရွက်ရန်၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းများ ပူးပေါင်းဖွင့်လှစ်ရန်၊ မျိုးဆက်သစ် လူငယ်များအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရေး အစီအစဉ်များကို ပူးပေါင်းဆောင်ရွက်ရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး သုတေသနလုပ်ငန်းများပူးပေါင်း ဆောင်ရွက်ရန်” ရည်ရွယ်ရေး ထိုးခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ ဌေးအောင်၊ ရှေ့နေချုပ် Mr. Igor Krasnov နှင့် သံအမတ်ကြီး ဦးလွင်ဦးတို့ တက်ရောက်ကြသည်။
ထို့နောက် ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ် Mr. Igor Krasnov နှင့် သီးသန့်တွေ့ဆုံပြီး နှစ်နိုင်ငံအကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု အစီအမံများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က “မြန်မာနိုင်ငံအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ဥပဒေကို ခေတ်စနစ်နှင့်အညီ ပြင်ဆင်နိုင်ရေး ပြန်လည် ဆောင်ရွက်လျက်ရှိသဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံး၏ အကြံဉာဏ်ကို ရယူဆောင်ရွက်လိုကြောင်းနှင့် ကော်မရှင်ရုံး ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအမံများကို ဆွေးနွေးလိုကြောင်း ပြောသည်။ ထို့ပြင် ကော်မရှင်အနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ (Corruption Prevention Units – CPUs) ဖွဲ့စည်းထားပြီး အဆိုပါ အဖွဲ့များသို့ အသိပညာပေးအစီအစဉ်များ ဆောင်ရွက်လျက်ရှိရာ အဆိုပါ အဖွဲ့များကို တာဝန်ယူဆောင်ရွက်နေသည့် ဝန်ထမ်းများအတွက် စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်ရေး ရှေ့နေချုပ်ရုံး၏ အကူအညီဖြင့် ဆောင်ရွက်လိုကြောင်းနှင့် ကော်မရှင်က လုပ်ဆောင်နေသည့် ကျောင်းသားလူငယ် အသိပညာပေး အစီအစဉ်များ၊ လူငယ်ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး အစီအစဉ်များတွင်လည်းနည်းပညာ အကူအညီများကို ရယူလိုကြောင်း” ဆွေးနွေးခဲ့သည်။
အဆိုပါ ပြောကြားချက်များအပေါ် ရှေ့နေချုပ် Mr. Igor Krasnov က” အဂတိလိုက်စားမှုကို လုံးဝသည်းခံ ခွင့်လွှတ်ခြင်းမပြုသည့် ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေရေးအတွက် လူငယ်ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး လုပ်ငန်းများက အရေးကြီးသောကြောင့် ရှေ့နေချုပ်ရုံးက ဆောင်ရွက်လျက်ရှိသည့် International Youth Social Anti-Corruption Advertising Competition “Together Against Corruption” တွင် အကဲဖြတ်ဒိုင်လူကြီးအဖြစ် ကူညီဆောင်ရွက်ပေးရန် ဖိတ်ခေါ်လိုကြောင်း၊ ပုဂ္ဂလိကဏ္ဍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် လွန်စွာအရေးကြီးသဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် “8th Eastern Economic Forum” တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ စီးပွားရေးလုပ်ငန်းများ၏ ဆက်စပ်မှုကို ဆွေးနွေးသွားရန်ရှိသဖြင့် ကော်မရှင်ဥက္ကဋ္ဌကို ပါဝင်တက်ရောက် ဆွေးနွေးပေးပါရန် ဖိတ်ခေါ်လိုကြောင်း၊ မြန်မာနိုင်ငံမှ ကျောင်းသား လူငယ်များကို ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ဖိတ်ခေါ်၍ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး အတွက် လိုအပ်သည့် အသိပညာ၊ ဗဟုသုတများကို မိမိတို့ဘက်က သင်ကြားပေးလိုပါကြောင်းနှင့် အခြားလိုအပ်သည်များကိုလည်း ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်ဟု သိရသည်။