၁. ၇. ၂၀၂၃
Written by Nay Aung
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့ရှိ အလုပ်လုပ်ကိုင်နေသော ကလေးများအနက်၇၀ ရာခိုင်နှုန်းကျော်သည် အဓိကအားဖြင့် မိသားစုငွေကြေး အခက်အခဲများကြောင့် အလုပ်လုပ်ကိုင်နေရခြင်းဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO)က ဖော်ပြထားသည်။
ILO မြန်မာရုံး၏ Asia Regional Child Labour စီမံကိန်း (ARC) သည် မကြာသေးမီက ရန်ကုန်၊ ဧရာဝတီနှင့် ကရင်ပြည်နယ်တို့တွင် အကဲဖြတ်လေ့လာမှုများပြုလုပ်ခဲ့ပြီးနောက် ဇွန်လ ၃၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်၊ ဧရာဝတီနှင့် ကရင်ပြည်နယ်တို့တွင် ကလေးများ အလုပ်လုပ်ကိုင်ရခြင်း၏ အဓိကအကြောင်းတရားက ဆင်းရဲနွမ်းပါးခြင်း ဖြစ်နေပြီးကလေးသူငယ်များသည် ဘေးအန္တရာယ်ရှိသည့် အလုပ်များနှင့် အလုပ်ချိန် နာရီကြာမြင့်စွာ လုပ်ကိုင်နေရခြင်းတို့ အဖြစ်များကြောင်းလေ့လာတွေ့ရှိရသည်ဟု ILO အဖွဲ့က ဖော်ပြထားသည်။
ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နိုင်ငံရေး အကျပ်အတည်းကြောင့် ကျောင်းများပိတ်ခဲ့ရသဖြင့် ကလေးသူငယ်များကို လုပ်ငန်းခွင်အတွင်းသို့ ရောက်စေခဲ့ပြီး၊ ကလေးအလုပ်သမား အခြေအနေကို ပိုမိုဆိုးရွားလာစေခဲ့သည်။ကျောင်းများ ပြန်ဖွင့်နေသော်လည်း နိုင်ငံအတွင်း နိုင်ငံရေး မတည်ငြိမ်မှုနှင့် နောက်ဆက်တွဲ ဘေးကင်းလုံခြုံရေး စိုးရိမ်ဖွယ် အခြေအနေများကြောင့် ကလေးသူငယ် အများအပြားသည် ကျောင်းပြန်မတက်နိုင်ကြတော့ကြောင်း၊ ILOအဖွဲ့က ဆိုသည်။
အကဲဖြတ် လေ့လာမှုပြုလုပ်ခဲ့သည့် ဒေသသုံးခုရှိ ကလေးသူငယ် သုံးပုံတစ်ပုံသည် အိမ်အကူ အလုပ်အကိုင်တွင် ဝင်ရောက်လုပ်ကိုင်နေပြီး၊ အခြားကလေးသူငယ်များမှာ အဓိကအားဖြင့်စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးလုပ်ငန်းနှင့် လက်လီလက်ကား ရောင်းဝယ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိကာ ၎င်းတို့အနက် အများစုသည် နည်းပါးသည့်လုပ်ခဖြင့် အလုပ်ချိန်နာရီ ကြာမြင့်စွာ လုပ်ကိုင်နေရကြောင်း ILO အဖွဲ့၏အကဲဖြတ်လေ့လာမှုစစ်တမ်းတွင်ဖော်ပြထားသည်။
အကဲဖြတ်လေ့လာမှုတွင် တွေ့ဆုံမေးမြန်းခဲ့သည့် ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေသော ကလေးသူငယ် ၉၀ ရာခိုင်နှုန်းခန့်သည် လေးလံသည့်ဝန်များကို သယ်ရခြင်းနှင့်၊ ၈၀ ရာခိုင်နှုန်းကျော်သည် နေပူထဲတွင် မနားရဘဲ အချိန်ကြာမြင့်စွာ လုပ်ကိုင်ကြရကြောင်း သိရသည်။
တွေ့ဆုံမေးမြန်းခဲ့သည့် ကလးသူငယ်အများစုသည် မတော်တဆနှင့် ထိခိုက်ဒဏ်ရာများ ရရှိဖူးကြောင်းနှင့် အသေးစား ထိခိုက်ဒဏ်ရာများသည် မကြာခဏ အများဆုံး ဖြစ်လေ့ရှိကာ၊ ပွန်းပဲ့ဒဏ်ရာ၊ တိုက်မိဆောင့်မိ၍ ဖြစ်သည့် အဖု၊ ဖူးရောင်ခြင်းများလည်း ဖြစ်လေ့ရှိသည်ဟု ပြောဆိုခဲ့ကြောင်း ILOအဖွဲ့၏အကဲဖြတ်လေ့လာမှုစစ်တမ်းတွင်ဖော်ပြထားသည်။
ILO အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေးအရာရှိဌာနေကိုယ်စားလှယ် Mr. Donglin Li က”ဒီအကဲဖြတ် လေ့လာမှုမှာပါဝင်တဲ့ အလုပ်လုပ်ကိုင်နေတဲ့ ကလေးသူငယ် ထက်ဝက်ကျော်က အခွင့်အလမ်းသာ ရမယ်ဆိုရင် ကျောင်းပညာရေးကို ဆက်လက် သင်ယူလိုကြောင်း ပြောဆိုပါတယ်။ ဒါဟာ သူတို့တွေရဲ့ ကျောင်းတက်ချင်တဲ့ စိတ်ဆန္ဒကို အလုပ်က ဘယ်လောက်အတိုင်းအတာအထိ အဟန့်အတား ဖြစ်စေသလဲဆိုတာကို ထင်ဟပ်ဖော်ပြနေပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ နိုင်ငံရေး အကြပ်အတည်းကြောင့် တစ်နိုင်ငံလုံးအနှံ့ ဖြစ်ပွားလျက်ရှိတဲ့ ပဋိပက္ခတွေက ဒီအခြေအနေကို ပိုမိုဆိုးရွားလာစေပါတယ်” ဟုပြောဆိုခဲ့သည်။