MT News
Written by Nay Aung
မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း အလုပ်လုပ်နိုင်သော လူဦးရေ ၉ သန်းကျော် တိုးလာခဲ့သော်လည်း အဆိုပါကာလအတွင်း လူဦးရေ ၂ သန်းကျော်သာ အလုပ်လုပ်ကိုင်ခွင့်ရရှိခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအပြင် ၂၀၂၁ ခုနှစ်တွင်ဖြစ်ပွားခဲ့သော အာဏာအငြင်းပွားမှုများကြောင့်မြန်မာနိုင်ငံ၏ အလုပ်ကိုင်အခွင့်အလမ်း တိုးတက်မှုသည် ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း မျှော်လင့်သလောက်ကောင်းမွန်ခြင်းမရှိခဲ့ဘဲ အားနည်းမှုများရှိနေခဲ့ကြောင်း ကမ္ဘာဘဏ်က မကြာသေးမီကာလအတွင်းပြုလုပ်ခဲ့သော Myanmar Subnational Phone Survey (MSPS) စစ်တမ်းတွင် မြန်မာနိုင်ငံ၏ အလုပ်ကိုင်အခွင့်လမ်း တိုးတက်မှုအခြေအနေကို ဖော်ပြထားသည်။
အခက်အခဲများအပြင် စီးပွားရေးပတ်ဝန်းကျင်ကောင်းမွန်မှုမရှိသည့်အတွက် မြန်မာနိုင်ငံ၏ အလုပ်အကိုင်အခွင့်လမ်းတိုးတက်မှုသည် ၂၀၁၉ ခုနှစ်နောက်ပိုင်းကတည်းက ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း MSPS စစ်တမ်းတွင် ဖော်ပြထားသည်။
ထိုသို့သောအခြေအနေတွင် ကုန်ထုတ်လုပ်ရေးလုပ်ငန်း၊ သတ္တုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ လက်လီအရောင်းအဝယ် လုပ်ငန်းများတွင် လုပ်ကိုင်နေသူများ၏ လစာသည် ကျဆင်းခဲ့သော်လည်း စိုက်ပျိုးရေးလုပ်ငန်းတွင် လုပ်ကိုင်နေသူများ၏ လစာရရှိမှုက တည်ငြိမ်နေဆဲဖြစ်ကြောင်း သိရသည်။
အလုပ်သမား လစာရရှိမှု ကျဆင်းခြင်းသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးနီးပါးတွင် ဖြစ်ပွားနေပြီး အထူးသဖြင့် ရန်ကုန်၊ တနင်္သာရီ၊ ကယား ပြည်နယ်များရှိ လုပ်ငန်းများတွင် လစာရရှိမှု ကျဆင်းခဲ့ကြောင်း သိရသည်။
အလုပ်သမားဈေးကွက်တွင် အားနည်းချက်များရှိနေခြင်းနှင့်အတူ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာခြင်းကြောင့် အိမ်ထောင်စုများ၏ ဝင်ငွေရရှိမှုအပေါ် သိသာသော ဖိအားများဖြစ်လာစေခဲ့သည်။ မြန်မာနိုင်ငံရှိ အိမ်ထောင်စုအားလုံး၏ တစ်ဝက်နီးပါးသည် ၂၀၂၂ ခုနှစ်အကုန်တွင် ပြီးခဲ့သောနှစ်က ရရှိနေသော ဝင်ငွေထက် များစွာကျဆင်းခဲ့ရကြောင်း MSPS စစ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင်လက်နက်ကိုင်ပဋိပက္ခများဆက်လက်ဖြစ်ပွားနေခြင်း၊ လျှပ်စစ်မီးလုံလောက်စွာမရရှိခြင်း၊ မူဝါဒပိုင်းကန့်သတ်ခြင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်းအခက်အခဲများ အပါအဝင် အချို့သောကိစ္စများက စီးပွားရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရန်အဟန့်အတားများဖြစ်လျက်ရှိနေကြောင်း ကမ္ဘာ့ဘဏ်ကဖော်ပြခဲ့ဖူးသည်။
Ref——-MSPS