MT News
ရန်ကုန်မြို့က နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာမှာ ဇွန်လ ၂၈ ရက်ကနေ ၃၀ ရက်အထိ ပြုလုပ်တဲ့ သိပ္ပံပွဲတော် ၂၀၂၃( Science Festival 2023) အပြီးမှာ သတင်းမီဒီယာနဲ့တွေ့ဆုံပြီး ရုရှားနိုင်ငံပိုင် Rosatom နဲ့ National Research Nuclear University (Moscow Engineering Physics Institute (MEPI)) က တာဝန်ရှိသူတွေက မြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေ ဖွင့်ဟခဲ့သလို Oliver Stone ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် “Nuclear Now ကို ပြသခဲ့ပါတယ်။
သုံးရက်တာကျင်းပခဲ့တဲ့ ဒီပွဲတော်အပြီး ပြသခဲ့တဲ့ Nuclear Now ရုပ်ရှင်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်တို့ တရုတ်နိုင်ငံတို့ကအစ ကမ္ဘာ့နိုင်ငံတွေက နျူကလီးယားစွမ်းအင်ကို အသုံးပြုဖို့ ပြန်လည်ကြိုးစားလာတဲ့အကြောင်း၊ နျူကလီးယားလျှပ်စစ်ဟာ လူသားတို့လိုအပ်တဲ့ စွမ်းအင်ကြောင့် ကမ္ဘာကြီးပူနွေးလာမှုတွေရဲ့ ထွက်ပေါက်ဖြစ်တဲ့အကြောင်း၊ မြန်မာနဲ့ ရုရှားအကြားက နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေးနဲ့ မြန်မာ့လျှပ်စစ်ကဏ္ဍလိုအပ်ချက်တွေအကြောင်းကို သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနအပါအဝင် ရုရှားနိုင်ငံတာဝန်ရှိသူတွေက ဆွေးနွေးရှင်းပြခဲ့ပါတယ်။
မြန်မာနိုင်ငံက နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာဟာ ရုရှား ဆောက်လုပ်ပေးခဲ့တဲ့ အသိပညာပေးစင်တာတွေထဲ နောက်ဆုံးဆောက်လုပ်ထားတာဖြစ်ပေမဲ့ လာရောက်လေ့လာသူအရေအတွက်ဟာ ကျောင်းသားကျောင်းသူတွေအပါအဝင် ၃၀၀၀ ကျော်အထိရှိနေပြီး ဒီပမာဏဟာ ကောင်းမွန်တဲ့ လေ့လာကြမှုပမာဏဖြစ်သလို လာရောက်လေ့လာသူလူငယ်တွေက မိဘအသိုင်းအဝိုင်းကို ပြန်ပြောခြင်းအားဖြင့်လည်း ကောင်းမွန်တဲ့ နျူကလီးယားအသိပညာတွေ ပြန့်ပွားစေဖို့မျှော်လင့်တယ်လို့လည်း သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနက ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျက ပြောကြားပါတယ်။