၁. ၇. ၂၀၂၃
Written by Hey Mar
ပဲခူးတိုင်းဒေသကြီး ၊ ကြို့ပင်ကောက်မြို့၊ ပြည်တန်းလမ်းထိပ် လမ်းဘေးမှာ စိတ်ကျန်းမာရေးချို့တဲ့သူ အသက် ၆၀ ဝန်းကျင် အမျိုးသားတစ်ဦး ရုတ်တရက်နှလုံးရပ်လဲကျကာ သေဆုံးခဲ့တဲ့ဖြစ်စဥ် မနေ့က ဇွန်လ ၃၀ ရက် နေ့လည်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ကြို့ပင်ကောက်မြို့နယ်လူမှုကူညီရေးအသင်းကနေ သိရပါတယ်။
အဆိုပါ သေဆုံးသူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ပြည်တန်းလမ်းထိပ် စျေးထဲကို ရောက်ရှိလာခဲ့သူဖြစ်ပြီး စျေးထဲမှာ တောင်းရမ်းစားသောက်နေထိုင်သူလို့ ဒေသခံတွေက ဆိုကြပါတယ်။
“မနေ့က နေ့လည် ၂ နာရီလောက်က စျေးလမ်းထိပ်မှာ လူတစ်ယောက် လဲကျသွားလို့ ကူညီပါဦးဆိုပြီး ကျွန်တော်တို့ အသင်းကို ဖုန်းဆက်အကူအညီတောင်းလို့ ရောက်သွားတဲ့အခါ လူက သေဆုံးနေပြီ။ အာဟာရပြတ်တာရော၊ ရောဂါအခံတွေရော ရှိလို့နေပါလိမ့်မယ်။ Deadbody ကို ပြည်သူ့ဆေးရုံရင်ခွဲရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်”လို့ ကြို့ပင်ကောက် လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။
သေဆုံးသူကို သင်္ဂြိုလ်ဖို့အတွက် မိသားစုဝင်ပေါ်ပေါက်လာမလားဆိုပြီး ဒီနေ့ မနက်အထိ စောင့်ဆိုင်းနေပေမယ့် ပိုင်ရှင်မဲ့အလောင်းအဖြစ်နဲ့သာ ဒီနေ့ နေ့လည် ၁၂ နာရီ မှာ ကြို့ပင်ကောက်လူမှုကူညီရေးအသင်းက ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။