၁. ၇. ၂၀၂၃
Written by Min Mahar
မြင်းခြံမြို့နယ်၊ လှိုင်းတက်ကျေးရွာ၏အနောက်ဘက်ရှိ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းစပ်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသမီး ၁ ဦး၏အလောင်းအား ယမန်နေ့မနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၃၀ ရက်နေ့)မနက် ၁၁ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ လှိုင်းတက်ကျေးရွာ ၏အနောက်ဘက်ရှိ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းစပ်တွင်အသက် ၄၈ နှစ်အရွယ်အမျိုးသမီးတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့်အလောင်းအား ဒေသခံများမှတွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာကို အကြောင်းကြား၍ လုံခြုံရေးပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ သေဆုံးသူအမျိုးသမီးသည် ရေစကြိုမြို့နယ်၊ ဆင်တဲကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဇွန်လ ၂၉ ရက်နေ့က မြင်းခြံမြို့ပေါ်သို့ပန်းရောင်း၍ ဆင်တဲကျေးရွာသို့ ပြန်လာစဉ် အခင်းဖြစ်နေရာ၌ အမည်မသိလူသ-တ်သမားများက သ-တ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအမျိုးသမီးသည် ဝမ်းဗိုက်ဝဲဘက်ခြမ်းမှ ဝမ်းဗိုက် ယာဘက်ခြမ်း ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးနေသည်ကိုစစ်ဆေးတွေ့ရှိခဲ့ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် အလောင်းအား မြင်းခြံခရိုင်ပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ယင်းကဲ့သို့ လူမဆန်စွာသ-တ်ဖြတ်ခဲ့သူများကို သေဆုံးသူ၏ဖခင်က မြင်းခြံမြို့မရဲစခန်းတွင် တိုင်တန်းခဲ့သဖြင့် (ပ)၅၉/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်ထားပြီး တရားခံအားဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။