၁. ၇. ၂၀၂၃
Written by Naing Thuta
Light Truck မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းနှင့်မီးတိုင်အား ဝင်တိုက်မိ၍ မီးလောင်မှု မန္တလေးမြို့တွင် ယမန်နေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့နေပြည်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ဇွန်လ ၃၀ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ သူရိန်နန်းလမ်းနှင့်သုခလမ်းကြား၊ ၇၈ လမ်းမပေါ်တွင် Light Truck(အဖြူရောင်)မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းနှင့်မီးတိုင်ကို ဝင်တိုက်မိပြီး မီးလောင်နေသဖြင့် ချမ်းမြသာစည်မြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်အား မောင်းနှင်လာသူသည် အချိန်မီထွက်နိုင်ခဲ့သဖြင့် ထိခိုက်မှုမရှိခဲ့သော်လည်း မော်တော်ကားခေါင်းပိုင်းအကုန်လုံးနီးပါးမီးလောင်ပျက်စီးသွားကြောင်းနှင့် မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်ခဲ့သောယာဉ်မောင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးမှုပြုလုပ်ပြီးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။