၁. ၇. ၂၀၂၃
Written by Pan Ei
ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက် နံနက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရဲ့ ဒွန်မောင်းလေဆိပ်မှာ ခရီးသွားအမျိုးသမီးတစ်ဦးက ရွေ့လျားနေတဲ့ လူသွားလမ်း စက်လှေကားတစ်ခုပေါ် ရှိနေစဉ် ဘယ်ဘက်ခြေထောက်တစ်စိတ်တစ်ပိုင်းဆုံးရှုံးလိုက်ရတဲ့ ကံမကောင်း အကြောင်းမလှတဲ့ မတော်တဆမှုတစ်ရပ်ဟာ သူမရဲ့ ခရီးဆောင်အိတ်ဘီးကြောင့် ဖြစ်ခဲ့ရခြင်းဖြစ်တယ်လို့ ထိုင်းနိုင်ငံ အင်ဂျင်နီယာဌာန (EIT) ရဲ့ ပြောကြားချက်အရ သိရပါတယ်။
မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အဆိုပါ ရွေ့လျားလူသွားစင်္ကြံကိရိယာစနစ် ချို့ယွင်းမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုအသစ်တစ်ခုကို EIT ရဲ့စက်ပိုင်းဆိုင်ရာအင်ဂျင်နီယာကော်မတီ အကြံပေးတစ်ဦးဖြစ်တဲ့ ဘွန်ပွန် ကီဂျွာတာနာချိုင်းက မနေ့က ထုတ်ပြန်ခဲ့တာပါ။
EIT ရဲ့ ကနဦး စုံစမ်းစစ်ဆေးချက်အရ သူမရဲ့ခရီးဆောင်အိတ်က ဘီးဟာ ရွေ့လျားနေတဲ့ လူသွားလမ်း စက်လှေကားရဲ့ အဆုံးပိုင်းခြေနင်းပြားကို ထိခိုက်ပျက်စီးကျိုးပဲ့စေပြီး သူမခြေထောက်တစ်ချောင်းလုံး ကျွံကျစေတဲ့အထိ အပေါက်တစ်ခုဖြစ်ပွားစေခဲ့ကာ ခြေထောက်ညပ်ခဲ့ရတဲ့ ခုလို မတော်တဆဖြစ်ရပ် ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းတွေဟာ လုပ်ငန်းတွေမစတင်မီ နေ့စဉ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမဲ့ ခုလို မတော်တဆဖြစ်ရပ် ဖြစ်ပွားခဲ့တာဖြစ်ပြီး EIT အနေနဲ့ ရွေ့လျားနေတဲ့ လူသွားစင်္ကြံတွေနဲ့ စက်လှေကားတွေကို အသုံးပြုနေစဉ်မှာ သတိပြုသွားလာဖို့နဲ့ အထူးသဖြင့် မိုဘိုင်းလ်ဖုန်းတွေအသုံးပြုတာကို ရှောင်ကြဉ်ဖို့ ပြည်သူတွေကို အကြံပြုထားပါတယ်။
အာဏာပိုင်တွေဟာ ကျယ်ပြန့်တဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး ရွေ့လျားစက်လှေကားစနစ်ရဲ့ ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုတွေကို တာဝန်ယူထားတဲ့ ပြင်ပကုမ္ပဏီကိုပါ စုံစမ်းစိစစ်နေသလို ဒွန်မောင်းလေဆိပ်က မတော်တဆဖြစ်စဉ်ကြောင့် ဘယ်ခြေထောက် ပျက်စီးခဲ့ရတဲ့ အမျိုးသမီးဟာ အခုလက်ရှိမှာ ဘမ်ရွန်ဂရတ်အပြည်ပြည်ဆိုင်ရာ ဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှု ခံယူလျက်ရှိတယ်လို့ သိရပါတယ်။
အဲ့ဒီအမျိုးသမီးရဲ့သားဖြစ်သူကတော့ ဖေ့စ်ဘုတ်ပေါ်မှာ သူ့မိခင်ရဲ့စိတ်ကျန်းမာရေးအတွက် စိုးရိမ်ပူပန်နေရကြောင်း ဖော်ပြခဲ့ပြီး စာနာထောက်ထားပေးသူတွေကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပါတယ်။ အခုလက်ရှိမှာတော့ သူမဟာ စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုတွေ ပြုလုပ်ပြီးဖြစ်တယ်လို့ သိရပြီး သူမရဲ့မတော်တဆဖြစ်ရပ်ကြောင့် ခရီးသွားလာကြမယ့် ပြည်သူတွေအတွက် အထူးသတိပြုစရာ ကိစ္စရပ်တစ်ခုကို မီးမောင်းထိုးပြနိုင်ခဲ့တယ်ဆိုတာကတော့ အသေအချာပဲဖြစ်ပါတယ်။
Ref; Thaiger