◾ သမုဒ္ဒရာအောက် စူးစမ်းလေ့လာရေး ရေငုပ်သင်္ဘောငယ် ပေါက်ကွဲပျက်စီးခဲ့ရသော်လည်း OceanGate ကုမ္ပဏီက ရေအောက်လေ့လာရေးခရီးစဉ်များကို ဆက်လက်အာရုံထားဆောင်ရွက်နေ
၁. ၇. ၂၀၂၃
Translated by Htwe Ko Tun
အတ္တလန်တိတ်သမုဒ္ဒရာအောက်ကြမ်းပြင်တွင် နစ်မြုပ်နေသော တိုင်တန်းနစ်သင်္ဘောပျက်ကြီးဆီသို့ လေ့လာရေးခရီးများအဖြစ် Titan ရေငုပ်သင်္ဘောငယ်များဖြင့် ရေအောက်သို့ ဆင်းသက်လေ့လာမှုများ ပြုလုပ်ရာတွင် OceanGate ကုမ္ပဏီက လူသိများထင်ရှားသော ကုမ္ပဏီတစ်ခုဖြစ်သည်။
သို့သော် ၎င်း ကုမ္ပဏီက ဇွန်လ ၁၈ ရက်တွင် ပြုလုပ်ခဲ့သော လေ့လာရေးခရီးစဉ်၌ ရေငုပ်သင်္ဘောငယ် ပေါက်ကွဲ ပျက်စီးခဲ့ကာ ဘီလျံနာများ၊ ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်တို့ အပါအဝင် လူငါးဦးသေဆုံးခဲ့ရမှုက OceanGate ၏ ရေအောက်သင်္ဘောပျက်အား စူးစမ်းလေ့လာရေးခရီးစဉ်ကို ထိခိုက်စေခဲ့သည်။
သို့ရာတွင် ထပ်မံရရှိသောသတင်းများအရမူ OceanGate ကုမ္ပဏီက ၎င်း၏ထပ်မံပြုလုပ်မည့် သမုဒ္ဒရာအောက်လေ့လာရေးခရီးစဉ်နှင့်ပတ်သက်၍ တရားဝင်ပြောကြားမှုများ မပြုလုပ်ခဲ့သေးသော်လည်း ကုမ္ပဏီဝက်ဘ်ဆိုတ်တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်မှ ဇွန်လ ၂၁ ရက်အထိ ရှစ်ရက်ကြာ ရေအောက်လေ့လာရေးခရီးစဉ်နှစ်ခုအတွက် လက်မှတ်ခ တစ်ဦးလျှင် ဒေါ်လာ ၂၅,၀၀၀ နှုန်းဖြင့် ထပ်မံစာရင်း ကောက်ခံနေသေးကြောင်း သိရသည်။
အဆိုပါခရီးစဉ် နှစ်ခုကို ကနေဒါနိုင်ငံ၊ အတ္တလန်တိတ်သမုဒ္ဒရာကမ်းခြေရှိ နယူးဖောင်းလန်းကျွန်း၏ စိန့်ဂျွန်မြို့မှ စတင်ထွက်ခွာမည်ဟု သိရသည်။
စူးစမ်းလေ့လာရေးခရီးစဉ်၏ ခေါင်းဆောင်က အရေးကြီးသော လုံခြုံစိတ်ချရမှုသတင်းအချက်များနှင့် ရေငုပ်မည့်ရက်များအတွက် ထောက်ပံ့ပို့ဆောင်ရေးများကို သေချာစွာစစ်ဆေးစီစဉ်ပြီး၊ ကုမ္ပဏီ၏ သိပ္ပံရေးရာအသင်းနှင့်ကျွမ်းကျင်သူများက ခရီးစဉ်တွင် လိုက်ပါမည့်သူများ ရေငုပ်ရာတွင် တွေ့ရှိနိုင်မှုများအတွက် ကြိုတင်ပြင်ဆင်ရန် ကူညီသွားမည်ဟု ကုမ္ပဏီကပြောခဲ့သည်။
Ref—— people.com